
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်ကို အရေးပေါ်ဖမ်းဆီးလွှဲပြောင်း ပေးဖို့အတွက် ထိုင်းအာဏာပိုင်တွေဘက်က ပူးပေါင်းဆောင်ရွက်ပေးဖို့ အာဂျင်တီးနားတရားရုံးကို ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK က လျှောက်ထားလိုက်ပြီး ဒီတကြိမ် မအောင်မြင်ရင် ဆက်တိုက်ရတဲ့ နည်းလမ်းတွေနဲ့ တောင်းဆိုသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အာဂျင်တီးနားနဲ့ ထိုင်းအကြား တရားခံလွှဲပြောင်းရေးစာချုပ် မရှိပေမဲ့ ထိုင်းနိုင်ငံရဲ့ တရားခံလွှဲပြောင်းရေးဥပဒေ အရ ဥပဒေသတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင် တရားခံကို လွှဲပြောင်းပေးနိုင်တယ်လို့ BROUK အဖွဲ့ဘက်က ပြောပါတယ်။
BROUK အဖွဲ့ရှေ့နေ သောမတ်စ်ကွင်တားနားက “တရားခံလွှဲပြောင်းရေး စာချုပ်မရှိတဲ့ အမှုမျိုးတွေမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေက အကျုံးဝင်လာတာ ဖြစ်ပါတယ်။ တရားခံလွှဲ ပြောင်းရေး စာချုပ်မရှိတာတောင်မှ အပြည်ပြည်ဆိုင်ရာ ဖမ်းဝရမ်းကို အကောင်အထည်ဖော်ဖို့ ဥပဒေဆိုင်ရာ နည်းလမ်းတွေ ရှိနေပါတယ်။ ထိုင်းနိုင်ငံရဲ့ ဥပဒေစနစ်ထဲမှာလည်း တရားခံလွှဲပြောင်းရေး ဥပဒေ ရှိပါတယ်။ တရားခံလွှဲပြောင်းပေးဖို့ တောင်းဆိုချက် ရောက်လာရင် ထိုင်းအစိုးရအနေနဲ့ ဆောင်ရွက်ရမဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို အဲဒီ ပြည်တွင်းဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် BROUK အဖွဲ့အနေနဲ့ အာဂျင်တီးနား တရားရုံးကို တောင်းဆိုထားတာကတော့ မင်းအောင်လှိုင်ကို အာဂျင်တီးနားထံ တရားခံ လွှဲပြောင်းပေးဖို့အတွက် ထိုင်းနိုင်ငံမှာရှိတဲ့ ပြည်တွင်းဥပဒေ လုပ်ငန်းစဉ်အတိုင်း အပြည့်အဝ ကျင့်သုံးဆောင်ရွက်ပေးဖို့ ထိုင်းနိုင်ငံကို တောင်းဆိုပေးဖို့ပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှာ တာဝန်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အာဏာရှင် မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တွေကို ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်နဲ့ နိုင်ငံတကာ ဖမ်းဝရမ်း ထုတ်ပြန်ပေးဖို့ BROUK အဖွဲ့က အာဂျင်တီးနားတရားရုံးမှာ ၂၀၁၉ ခုနှစ်ကတည်းက တိုင်ကြားခဲ့တာပါ။
၂၀၂၅ ခုနှစ်မှာတော့ အာဂျင်တီးနား တရားရုံးကနေ မင်းအောင်လှိုင်နဲ့ တခြား စစ်တပ်အကြီး အကဲတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
BROUK ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင် ကတော့ ဒီတကြိမ်မှာ မင်းအောင်လှိုင်ကို ဖမ်းဆီးရေးက မအောင်မြင်ခဲ့ရင်တောင် ဥပဒေနဲ့အညီ နည်းလမ်းမျိုးစုံနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
“ကျနော့်တို့နိုင်ငံမှာ ဒီစစ်တပ်က နှစ်ပေါင်းများစွာ လူသားမျိုးနွယ်တွေအပေါ်မှာ ရာဇဝတ်မှုကျူးလွန်တာ၊ လူမျိုးတုံး သတ်ဖြတ်မှု လုပ်နေတာ ကြာပြီ။ ဒါပေမဲ့ ဘယ်တရားရုံးကမှ အဲ့လိုမျိုး ဖမ်းဝရမ်း ထုတ်ခဲ့တာ မရှိခဲ့ဘူး။ အာဂျင်တီးနား တရားရုံးကနေ ၂၀၂၅ မှာ ပထမဦးဆုံး ထုတ်ခဲ့ခြင်း ဖြစ်တယ်။ ဒီတရားရေး မဏ္ဍိုင်တွေကတော့ ကြာတယ်၊ တချို့ဟာတွေက နိုင်ငံရေးအရ ရှုပ်ထွေးမှုတွေရှိတယ်။ နိုင်ငံရေးအရ ပတ်သက်မှုတွေ ရှိနေတာတွေလည်း တွေ့ရတယ်။ ဒါပေမဲ့ ဒီစစ်တပ်ကို ကိုင်တွယ်ဖို့က တော်တော်လေးကို ကျနော်တို့အတွက် အချိန်ကောင်းပဲလို့ ကျနော် ပြောချင်တယ်။ အဲဒီအတွက်ကြောင့် လက်မလျှော့ဘဲနဲ့ တောက်လျှောက် ဒီတရားရုံးက ဒီတခေါက် မလုပ်နိုင်ဘူးဆိုရင်တော့ ဆက်ပြီးတော့ ကျနော်တို့ လုပ်ဖို့လိုပါလိမ့်မယ်။ ပြီးတော့ တခြားလုပ်နိုင်တဲ့ နည်းလမ်းတွေလည်း အများကြီးရှိတယ်။ အဲဒါကို ကျနော်တို့က ကြိုးစားပြီး လုပ်သွားမှာပါ။”
ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၁၆ ဖွဲ့ကလည်း မင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဉ်ကို ကန့်ကွက်ကြောင်းနဲ့ စစ်အာဏာရှင်အစိုးရကို အထောက်အပံ့ဖြစ်စေနိုင်တဲ့ လုပ်ဆောင်မှုတွေကို ရပ်တန့်ဖို့ ဩဂုတ် ၅ ရက်က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းလူ့အခွင့်အရေးတက်ကြွသူ လွှတ်တော်အမတ်ဟောင်း ကန်နာဝီစိုက်ပ်ဆဲန်းကလည်း အာဆီယံ ဘုံသဘောတူညီချက်ကို တောက်လျှောက်ငြင်းပယ်နေတဲ့ မင်းအောင်လှိုင်ကို ထိုင်းအစိုးရအနေနဲ့ ကြိုဆိုတာကို ကန့်ကွက်ထားပြီး စစ်အာဏာရှင်အပေါ် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအရ တရားဝင်မှု ပေးနေသလား ဆိုတာကို ကမ္ဘာက စောင့်ကြည့်နေကြောင်းကိုလည်း ပြောပါတယ်။
ဩဂုတ် ၆ ရက် စစ်အာဏာရှင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေချိန် ထိုင်းရောက်မြန်မာတချို့က ကုလသမဂ္ဂရုံးရှေ့မှာ မကြိုဆိုကြောင်း ဆိုင်းဘုတ်တွေကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပါတယ်။










