
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက စစ်အင်အားဖြည့်ပြီး စစ်ရေးပြင်ဆင်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီက လက်နက်ခဲယမ်း အပါအဝင်၊ လူအင်အားနဲ့ ဒရုန်းတွေပါ ဖြည့်တင်းနေတယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF)ဝင်တယောက်က ပြောပါတယ်။
“သူတို့(စကစ) စစ်ရေးပြင်ဆင်တာတွေ ဒီနောက်ပိုင်း ခပ်စိပ်စိပ်တွေ့လာရတယ်။ ဆွမ်ပရာဘွမ်ဘက် ထိုးစစ်ဆင်ဖို့ အခြေအနေက မပြောတတ်သေးဘူး။ သူတို့ လက်နက်ခဲယမ်းတွေ သယ်တာတွေ့တယ်။ ဒရုန်းတွေ ဘာတွေ ခေါင်လန်ဖူးဘက် ဖြန့်တာတွေရှိတယ်။ ပြည်သူ့စစ်တွေနဲ့ပေါင်းပြီး စစ်သင်တန်းလုပ်တာ၊ သင်တန်းပေးတာတွေရှိတယ်။ မကြာခင်တော့ ထိုးစစ်ဆင်မယ့် အနေအထားတော့ရှိတယ်” လို့ပြောပါတယ်။
လက်ရှိအချိန်အထိတော့ မြေပြင်မှာနှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်တာမရှိပေမဲ့ ပြီးခဲ့တဲ့တပတ်အတွင်း ပူတာအိုအနားက ဆွမ်ပီယန်ဘက်မှာ ပြည်သူ့စစ်တွေနဲ့စစ်ကောင်စီတပ်တွေ နယ်မြေကျော်လာတာကြောင့် နှစ်ဖက်ပစ်ခတ်မှုတွေတော့ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ပူတာအိုမှာလည်း ပြည်သူ့စစ်ဉပဒေနဲ့ စစ်သားစုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သားအများအပြား ရောက်ရှိနေပြီး ဒေသခံပြည်သူ့စစ်တွေအပါအဝင် လူအင်အားစုဆောင်းနေပြီးတော့ ခေါင်လန်ဖူးဘက် စစ်ကြောင်းထိုးမဲ့ အခြေအနေတွေ့ရတယ်လို့ သူက ပြောပါတယ်။
“ဒီနောက်ပိုင်း ပူတာအိုမှာ ပစတွေ ပြည်သူ့စစ်မှုထမ်းတွေ ရောက်လာတယ်။ ပြီးတော့ ဒေသခံ ပြည်သူ့စစ်တွေကော သူတို့က လူအင်အားတော့ တော်တော်များများစုထားပြီ။ လူအင်အားတော်တော်ကို များတယ်။ အဓိက ကတော့ ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်သားတွေက ခေါင်လန်ဖူးကနေတဆင့် လန်ဆယ်ဘက်ကိုတက်ဖို့ စီစဉ်တဲ့အနေအထားမှာတော့ တွေ့ရတယ်။ တိတိကျကျတော့ မသိရသေးဘူး။ အဲလိုတော့ခန့်မှန်းထားတယ်” လို့ပြောပါတယ်။
စစ်ကောင်စီနဲ့ ပြည်သူ့စစ်တပ်ဖွဲ့တချို့ကတော့ မြစ်ကြိီးနား-ပူတာအို လမ်းကိုထိန်းချုပ်ဖို့ ကြိုးစားပြင်ဆင်တာတွေ့ရတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ရက်တွေကလည်း ပူတာအို-မြစ်ကြီးနားလမ်းပေါ်မှာ ပြည်သူပိုင်ကားတွေနဲ့ ကယ်ဆယ်ရေးအကြောင်းပြပြီး စစ်တပ်ကသယ်လာတဲ့ စက်သုံးဆီပေပါ ၅၀ ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်ဆီးရရှိခဲ့ပါသေးတယ်။










