
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ စစ်ပွဲအတွင်းဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၂ ယောက်ဟာ ဇူလိုင် ၈ ရက်နေ့က အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တွေဆီက လက်နက်တွေလုယက်ပြီး ထွက်ပြေးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာဖမ်းဆီးမိတဲ့ စစ်သုံ့ပန်း ၂ ယောက်ဟာ AA တပ်ဖွဲ့ဝင်နှစ်၂ ယောက်ဆီက သေနတ်နဲ့ကျည်ဆံတွေကို ရိုက်နှက်လုယက်ထွက်ပြေးခဲ့ကြာတာဖြစ်ပြီး ဇူလိုင် ၁၀ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်၊ သိမ်တောင်ပြင်ရွာနားမှာ ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“အဲဒီ စစ်သုံ့ပန်း ၂ ဦးထွက်ပြေးတဲ့ ဖြစ်စဉ်ကမှန်ပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင် ၂ ယောက်ကို ရိုက်နှက်ပြီးတော့ သေနတ် ၁ လက်နဲ့ ကျည်ဆံ ၂၀ လုယူထွက်ပြေးသွားကြတာ။ ဘယ်လိုဖြစ်ကြတာလဲဆိုတာတော့ စိစစ်နေကြဆဲဖြစ်တယ်။ အဲဒီ လက်နက်လုယက်ပြီး ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်း ၂ ဦးကိုတော့ ဘူးသီးတောင်မြို့နယ်မှာပြန်ပြီးတော့ ဖမ်းမိထားပါပြီ” လို့ ပြောပါတယ်။
အာရက္ခတပ်တော်ဟာ မောင်တောတိုက်ပွဲအတွင်းမှာ ဗိုလ်မှူးချုပ်အဆင့်ရှိသူတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ရာနဲ့ချီ ဖမ်းဆီးရမိခဲ့တာပါ။
ရခိုင်တိုက်ပွဲအတွင်းမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို AA က ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းတွေဖြစ်ကြတဲ့ လမ်းပြုပြင်တာနဲ့ စည်ပင်လုပ်ငန်းတွေမှာ အသုံးပြုတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို AA က ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားပြီး မိသားစုဝင် အယောက် ၁၄၀၀ နဲ့အထက်ကိုလည်း ပြန်လွှတ်ပေးခဲ့ပါသေးတယ်။
ရခိုင်မှာ AA က မြို့နယ် ၁၄ ခုကိုသိမ်းပိုက်ထားပြီး ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တို့ကိုပဲ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တော့တာဖြစ်ပါတယ်။











