
ကချင်ပြည်နယ်၊ မိုးညင်းမြို့နယ် အင်းတော်ကြီးအိုင်ပတ်ဝန်းကျင်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားတဲ့ဒေသတွေကို စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ရပ်နားနေပြီးတော့ နန့်မွန်းမြို့နားက ဆုတောင် တောင်ပေါ်မှာ လက်နက်ကြီးတပ်ဆင်နေကြတယ်လို့ အင်းတော်ကြီးဒေသက ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီ နဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ရပ်တန့်နေတာ တပတ်ကျော်ကြာလာပြီးတော့ လက်နက်ကြီး တပ်ဆင်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“အခုရက်ပိုင်းတော့ အင်းတော်ကြီးအိုင် အင်းဝဲယာမှာငြိမ်နေတယ်၊ တိုက်ပွဲဖြစ်တာတွေလည်း မကြားရဘူး။ စကစ ဘက်ကလဲ ပြန်ပြီး ပြင်ဆင်တာတွေ လုပ်နေတယ်ထင်တယ်။ ဒီ နန့်မွန်းနားက ဆုတောင်း တောင်မှာလည်း လက်နက်ကြီးတပ်ဆင်တာတွေ ပြုလုပ်နေတယ်၊ အဲဒါတွေ ပြီးရင်တော့ ပြန်ပြီး တိုက်ပွဲတွေ ဖြစ်လာမလားတော့ မသိသေးဘူး။”
စစ်ကောင်စီ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က အင်းအရှေ့ခြမ်းက နနွင်းကုန်းကို သိမ်းပိုက်ရရှိထားသလို လက်ရှိအချိန်မှာ ဟဲပု၊ ဟဲပါး ပတ်ဝန်းကျင်ကိုရောက်ရှိထားပြီလို့ သိရပါတယ်။ နှစ်ဖက်တပ်ဖွဲ့တွေလည်း စစ်ရေးအရ ဆိုင်ထားရတဲ့ အခြေအနေတွေရှိနေပြီးတော့ တဖက်နဲ့တဖက် စောင့်ကြည့်နေတဲ့ အခြေအနေတွေဖြစ်တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။
စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်တွေက လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ အင်းပတ်ဝန်းကျင်က နယ်မြေတွေကို ပြန်လည်စိုးမိုးနိုင်ဖို့အတွက် လွန်ခဲ့တဲ့ သုံး၊ လေးလကတည်းက ပြင်ဆင်နေတာ ဖြစ်ပါတယ်။
မိုးညင်းမြို့နယ်ထဲက SNA စစ်ဆေးရေးဂိတ်တွေက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေ၊ ကချင်တိုင်းရင်းသားတွေကို လူမျိုးရေးခွဲခြားပြီး မတရားစစ်ဆေးမေးမြန်းတာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေလဲ ပြုလုပ်နေတယ်လို ဒေသခံတွေကနေသိရပါတယ်။










