
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ လုံးတုံကျေးရွာရှိ ရှမ်းနီအမျိုးသားတပ်မတော် ( SNA)ရဲ့ တပ်စခန်းကုန်းတခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဇူလိုင် ၁၇ ရက် မနက်က အင်းတော်ကြီးကန် အနောက်ဘက်ခြမ်းရှိ ရှမ်းနီပြည်သူ့စစ် SNA ရဲ့ စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေနဲ့ SNA တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ပြီး စခန်းကိုစွန့်ခွာ ထွက်ပြေးသွားခဲ့တဲ့ တပ်ဖွဲ့ဝင်တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်၊
KIA ပူးပေါင်းတပ်တွေဘက်ကနေ ဇူလိုင်လ ၁၆ ရက်နေ့ညမှာ တပ်စခန်းတခုကို သိမ်းယူခဲ့ပြီး နောက်ထပ် ရှမ်းနီ SNA တပ်စခန်းတခုပါ ၁၇ ရက် မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့သိရပါတယ်။
ဇူလိုင် ၁၅ ရက်ကတည်းက တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲအရှိန်ပြင်း ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“တိုက်ပွဲကတော့ မနေ့ကမနက် ၃ နာရီလောက်ကနေဖြစ်တာ၊ ပြီးတော့ တိုက်ပွဲပြင်းထန်နေတုန်းပဲ၊ တိုက်ပွဲကတော့ ဖြစ်နေတုန်းပဲ။ စခန်းကရတယ်ဆိုတာလည်း ပစ်နေခတ်နေစဲ အခြေအနေဆိုတော့ အားလုံးတော့ အတည်ပြုလို့ မရသေးဘူး။”
SNA တပ်တွေက ပြီးခဲ့တဲ့ လကတည်းကနေ အင်းတော်ကြီး ရှေ့ဘက်ခြမ်းရှိ ဟိုဖာကုန်း၊ ပတ္တမြားတောင် အစရှိတဲ့ KIA အထိုင်ချထားတဲ့ တပ်နေရာချို့ကို လေကြောင်းအပြင် မြေပြင်စစ်ကြောင်းကနေ တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် အနောက်ဘက်ခြမ်းက KIA ထိန်းချုပ်ထားတဲ့ ဟဲပန်လမ်းခွဲနေရာအထိ နေရာဘက်ကို ဝင်ရောက်လာကာ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
လုံးတုံကျေးရွာအနီး တိုက်ပွဲဟာ လက်ရှိအချိန်ထိ ဆက်လက်တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
“မနေ့က မနက် ကျနော်တို့ ထိုးစစ်ဆင်တဲ့အနေအထားမျိုးမှာ သူတို့ဘက်က တန်ပြန်ထိုးစစ်ဆင်လာလို့ နောက်တောင် ပြန်ဆုတ်ပေးလိုက်ရသေးတယ်။ ရထားတဲ့ နေရာတွေ ပြန်ဆုတ်လိုက်ရလို့ မနေ့ကမှ တပ်ကူတွေ ပြန်ဖြည့်ပြီး ဒီနေ့တော့ အသာစီးရသွားတာပေါ့။”
ဇူလိုင် ၂ ရက်ကလည်း အင်းတော်ကြီး၊ လုံးတုံမှာ စစ်တပ်နဲ့ SNA ပူးပေါင်းအင်အား ၈၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလှုပ်ရှားခဲ့တာကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲမှာ KIA ပူးပေါင်းအဖွဲ့က အရေးနိမ့်ပြီး နောက်ဆုတ်ပေးခဲ့ရပါတယ်။
အင်းတော်ကြီးဒေသရှိ KIA တပ်မဟာ ၉၊ တပ်ရင်း ၂၆ နယ်မြေ လုံးတုံရွာ တဝိုက်မှာလည်း စစ်တပ်နဲ့ SNA ပူးပေါင်းတပ်တွေ ဇူလိုင်လအတွင်း စစ်ကြောင်းထိုးကာ စစ်ရေးဖော်ဆောင်လာတာကြောင့် တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ပွားနေပြီး စစ်တပ်ရဲ့ ဒရုန်း ၁ စီးလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။
ဒါ့အပြင် ရှမ်းနီ SNA တပ်တွေဟာ အင်းတော်ကြီးဒေသထဲမှာ စစ်ရေးအသာစီးရနိုင်ဖို့ KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖားကန့် ဆယ်ဇင်းဒေသက KIA တပ်စခန်းနေရာတချို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတာ ၃ ရက်လောက် ကြာမြင့်လာပြီဖြစ်ပါတယ်။
ဟန်န










