
ဂါဇာအလယ်ပိုင်းက ဆေးခန်းတခုရှေ့မှာ အာဟာရဖြည့်စွက်စာရဖို့ တန်းစီနေတဲ့အချိန် အစ္စရေး တိုက်ခိုက်မှုကြောင့် ကလေး ၈ ယောက်၊ အမျိုးသမီး ၂ ယောက် အပါအဝင် ပါလက်စတိုင်း ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆေးရုံက ထုတ်ပြန်ပါတယ်။
ဒီယာအယ်လ်ဘာလာမြို့က အယ်လ်အက်ဆာ အာဇာနည်ဆေးရုံက ထုတ်ပြန်ပေးတဲ့ ဗီဒီယိုမှာ ကလေးငယ်တွေ ကြမ်းပြင်ပေါ်မှာ လဲကျနေပုံတွေ၊ ဆေးအဖွဲ့တွေက အရေးပေါ် ကုသပေးနေပုံတွေ ပါရှိပါတယ်။
တိုက်ခိုက်ခံရတဲ့ဆေးခန်းကို စီမံနေတဲ့ အမေရိကန်အခြေစိုက် အကူအညီပေးရေးအဖွဲ့ Project Hope က အခုတိုက်ခိုက်မှုဟာ အပြည်ပြည်ဆိုင်ရာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပဲလို့ ဝေဖန်ခဲ့ပါတယ်။
ဆေးခန်းရှေ့မှာ အာဟာရမပြည့်တာ၊ ပိုးဝင်တာ၊ နာတာရှည်နဲ့ အခြား ရောဂါလက္ခဏာတွေအတွက် ဆေးဝါးနဲ့ ကုသမှု ရယူဖို့အတွက် မနက်ခင်း ဆေးခန်းဖွင့်မှာကို စောင့်နေကြတဲ့ ကလေးလူကြီးတွေ တိုက်ခိုက်ခံရတာလို့ Project Hope က ထုတ်ပြန်ပါတယ်။
အစ္စရေးစစ်တပ်ကတော့ ဟားမတ်စ် အကြမ်းဖက်သမားတယောက်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သား ထိခိုက်မှုတွေအတွက် ဝမ်းနည်းစိတ်ထိခိုက်မိတယ်လို့ ထုတ်ပြန်ပါတယ်။
ဆက်လက်ဆွေးနွေးနေကြချိန် ဇူလိုင် ၁၀ ရက် တနေ့တည်းမှာတင် အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးသူ စုစုပေါင်း ၆၆ ယောက်ထက်မနည်း ရှိတယ်လို့ သိရပါတယ်။
အပစ်ရပ်ရေး အမေရိကန်ဘက်က အကောင်းမြင်နေသလို ကာတာနဲ့ အီဂျစ်က ကြားဝင်ညှိနှိုင်းပေးနေပေမဲ့ သဘောတူညီမှု မရနိုင်သေးပါဘူး။
Source: Reuters










