
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ထူးနီရွာနဲ့ ရွာတော်လေးရွာကို စစ်တပ်က ဇူလိုင် ၁၀ ရက် မနက် ၉ နာရီကျော်က စတင်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သား ၂ ယောက်သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထူနီကျေးရွာကို စစ်ကောင်စီ မြေပြင်စစ်ကြောင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၀ အရွယ် အမျိုးသမီးတယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရွာသားတယောက်က ပြောပါတယ်။
“ချောင်းဦးမြို့အနောက်ဘက် အမြင့်ရွာသွား ကားလမ်းမအတိုင်း မနက်ခင်း ၆ နာရီလောက်ကတည်းက စစ်ကြောင်းထိုးလာတာဗျာ။ အဲဒီစစ်ကြောင်းကပဲ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကျနော်တို့ ထူးနီရွာရဲ့ အနောက်မြောက်ပိုင်း အိမ်ရှေ့ကွင်းပြင်မှာ ကျပေါက်ကွဲပြီး အရပ်သားပြည်သူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ ကလေးငယ်တဦး စုစုပေါင်း ၅ ဦး ဒဏ်ရာရခဲ့တာရှိတယ်ဗျ။ အဲဒီ ၅ ဦးထဲက အသက် ၃၀ အရွယ် မဂျမ်းစိန်ကတော့ ဦးခေါင်းကျည်စမှန်ပြီး သေဆုံးတယ်။ နောက်ပြီး ဂျမ်းစိန် အမလည်း ဒဏ်ရာပြင်းထန်တယ်။ နောက်ထပ်အမျိူသား ၂ ဦးကလည်း ဒဏ်ရာပြင်းထန်တယ်။ ကလေးကတော့ သိပ်မစိုးရိမ်ရဘူး။”
ထူးနီရွာဟာ ချောင်းဦးမြို့နဲ့ ၂ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ ၃၅၀ ခန့်ရှိတဲ့ ကျေးရွာဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီမြပြင်စစ်ကြောင်းကတော့ လက်ရှိ နေ့လယ်ခင်းအချိန်မှာ ပေါက်ပင်ရွာနဲ့ ရှမ်းထူးရွာကြားက အမေကြီးနတ်စဉ်အနီး ဘုန်းတာ်ကြီးကျောင်းမှာ စခန်းချနေတာကြောင့် အနီးဝန်းကျင် ကျေးရွာက ပြည်သူတွေ နေရပ်စွန့်ခွာနေကြရတယ်လို့ သိရပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတယောက်က “မနေညနေပိုင်းက မုံရွာကနေ ချောင်းဦးမြို့ထဲကို အင်အား ၄၀ လောက်အင်အားဖြည့်တယ်။ ဒီနေ့ မနက်ခင်း ၆ နာရီခွဲအချိန်မှာ ချောင်ဦးမြို့ထဲကနေ ရှေ့ပြေးစစ်ကြောင်းတကြောင်း စထွက်လာတယ်။ အဲစစ်ကြောင်းနောက်ကနေ နောက်ထပ်စစ်ကြောင်းတကြောင်း ထပ်ထွက်လာတယ်။ ဘယ်ကိုသွားမယ်လဲဆိုတော့ ကင်းမွန်းတော်ပျူရွာကို ရိက္ခာပို့သွားမယ်လို့ သိထားရတယ်။ စစ်ကြောင်းမိုင်းဆွဲခံရလို ထိခိုက်တာတွေလည်း ရှိနေတယ်” လို့ ပြောပါတယ်။
ဒီနေ့မနက် ၉ နာရီမှာလည်း ချောင်ဦးမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရွာ တော်လေးရွာဘက် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့ရပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာတော်လေးရွာဟာ ချောင်းဦးမြို့အနောက်ဘက် ၁ မိုင်ခန့်သာကွာဝေးတဲ့ ကျေးရွာဖြစ်တယ်လို့လည်း သိရပါတယ်။
ရွာတော်လေးရွာသားတယောက်က “ပစ်တာက ချောင်ဦးမြို့ ထွေအုပ်ရုံးကနေ ထုပေးတဲ့ လက်နက်ကြီးဗျ။ အဲလိုပစ်လို့ ကျနော်တို့ ရွာတော်လေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေါ်လှမြင့်အသက် ၆၃ နှစ် နေရာတင် သေဆုံးခဲ့ရတယ်ဗျ။ ဒဏ်ရာရတဲ့သူတွေက ကိုမင်းသူ၊ ကိုမိုးအောင်၊ ကိုသန်းလွင်၊ ဒေါ်သင်းမာ၊ ကိုအောင်ကိုလတ်၊ ကိုအုန်းကျော် စုစုပေါင်း ၆ ဦး ဒဏ်ရရှိခဲ့ရပါတယ်ဗျ” လို့ ပြောပါတယ်။
ချောင်းဦးမြို့ကနေ ကင်းမွန်းတော်ရွာကို ရိက္ခာပို့စစ်ကြောင်း စစ်ကောင်စီဘက်က ထွက်နေတာ ကြောင့် ချောင်းဦးမြို့ကနေ လက်နက်ကြီးတွေ ပစ်ကူပေးနေသလို ချောင်းဦး-မုံရွာသွားကားလမ်းဘေးမှာရှိတဲ့ မြပုလဲအထိုင်စခန်းေနေလည်း လက်နက်ကြီးပစ်ကူ ပေးနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။