
လောင်စာဆီအထောက်အပံ့ နည်းသွားလို့ ဂါဇာရဲ့ အကြီးဆုံး ဆေးဘက်ဆိုင်ရာဌာနက ဆရာဝန်တွေနဲ့ လူနာတွေ မကြာမီ အမှောင်ကျသွားနိုင်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
စစ်ရေးလှုပ်ရှားမှုကို အစ္စရေးက တွန်းအားပေးနေချိန်မှာ အယ်လ်ရှိဖာဆေးရုံ လည်ပတ်မှု ရပ်သွားနိုင်တယ်လို့လည်း ဆရာဝန်တွေက ပြောခဲ့ပါတယ်။
အစ္စရေး၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အမေရိကန်မြို့တော် ဝါရှင်တန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့အတူ ဂါဇာမှာရှိတဲ့ အစ္စရေးဓားစာခံတွေရဲ့ ကံကြမ္မာကို ဆွေးနွေးနေချိန်မှာ အယ်လ်ရှီဖာဆေးရုံက လူနာတွေက အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ဆရာဝန်တွေက ပြောခဲ့ပါတယ်။
လောင်စာဆီပြတ်လပ်မှုဟာ မကြာမီအချိန်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးဖြစ်အောင် ခြိမ်းခြောက်နေတယ်လို့ အယ်လ်ရှီဖာဆေးရုံရဲ့ ဒါရိုက်တာ ဒေါက်တာ မူဟမ်မဒ် အဘူ ဆာလာမီယာက ပြောပါတယ်။
“ဆေးရုံဟာ ဆေးကုသရာ နေရာအဖြစ်ကနေ ရပ်တန့်သွားမှာဖြစ်ပြီး အတွင်းထဲက လူနာတွေအတွက် သင်္ချိုင်းကုန်း ဖြစ်လာမှာပါ” လို့ အဘူဆလာမီယာက ပြောပါတယ်။
အစ္စရေးဟာ ဂါဇာက ဆေးရုံတွေကို လောင်စာဆီ နည်းနည်းချင်း မျှဉ်းပေးနေတယ်လို့လည်း သူက စွပ်စွဲပြောဆိုခဲ့ပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့ကြား ၂၁ လကြာ ဖြစ်ခဲ့တဲ့ စစ်ပွဲမတိုင်မီ အစ္စရေး ဦးဆောင်ပြီး ကာလကြာရှည် ပိတ်ဆို့ထားတဲ့ နယ်မြေသေးသေးလေးဖြစ်တဲ့ ဂါဇာက ဆေးရုံတွေကို အစ္စရေးက လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့သလို မဆုတ်မနစ် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ပါလက်စတိုင်းနဲ့ ဆေးဘက်ဆိုင်ရာ လုပ်သားတွေက အစ္စရေးစစ်တပ်ဟာ ဆေးရုံတွေကို တိုက်ခိုက်တယ်လို့ စွပ်စွဲခဲ့ပါတယ်။
အစ္စရေးက စွပ်စွဲချက်တွေကို ပယ်ချရင်း ဟားမတ်စ်တွေက ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေနဲ့ အဆောက်အအုံတွေအောက်မှာ ကွပ်ကဲရေးစင်တာတွေကို စီမံခန့်ခွဲနေတယ်လို့ တန်ပြန်စွပ်စွဲထားပါတယ်။ ဟားမတ်စ်တွေက စွဲချက်ကို ငြင်းဆိုထားပါတယ်။
Source: Reuters