
စစ်အာဏာရှင်တပ်ပိတ်ဆို့ထားတဲ့ ရခိုင်ပြည်နယ်မှာ မြို့နယ်အလိုက် ကျွမ်းကျင်ဆရာဝန်နဲ့ ရောဂါရှာဖွေရေး ကိရိယာတွေ လုံလောက်မှုမရှိတာကြောင့် ကျန်းမာရေးမကောင်းသူတွေအတွက် ဆေးကုသရေးပိုင်းမှာ အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့နယ်အများစုက ဆေးရုံဆေးခန်းတွေမှာ သာမန်ဖျားတာနာတာလောက်ကိုသာ ကုသနိုင်ပြီး တခြားရောဂါတွေအတွက် ကျွမ်းကျင်ဆရာဝန်နဲ့ အခြေခံကျတဲ့ ရောဂါရှာဖွေရေး ကိရိယာတွေ တောင် မရှိဘူးလို့ ရသေ့တောင်ဒေသခံတယောက်က ပြောပါတယ်။
“ကျနော်တို့ဘက်မှာ ဓာတ်မှန်တောင် မရှိပါဘူး။ ဓာတ်မှန်လေးရိုက်ဖို့ကို အဝေးကြီးသွားရပါတယ်။ ဆေးရုံဆေးခန်း ဆိုတာကလည်း ဖျားဆန်းနာဆန်းလောက်ပဲ ရတယ်။ အဲ့ထက်နည်းနည်းဆန်းရင် တခြားသွားရတော့တယ်။ အခက်အခဲဖြစ်တယ်။ ကျနော်တို့ဘက်မှာ ရောဂါတခုခုဖြစ်ရင် ဆေးကုသစရိတ်အပြင် ခရီးစရိတ်ပါရှိမှ ဆေးကုသနိုင်တယ်။”
ရခိုင်ဟာ ပြည်မနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို စစ်အာဏာရှင်ရဲ့ ပိတ်ဆို့ခံထားရတာကြောင့် အရင်လို ပြည်မဘက်ကို ဆေးကုသခံယူဖို့ သွားဖို့အတွက် များစွာခက်ခဲပါတယ်။
ဒါကြောင့် လက်ရှိမှာ ဒေသထဲမှာပဲ ဆေးကုသမှု ခံယူကြရတာဖြစ်ပြီး ဒီအထဲမှာမှ ကျွမ်းကျင် ဆရာဝန်နဲ့ ရောဂါရှာဖွေရေးကိရိယာတွေ မလုံလောက်တဲ့ ပြဿနာကို ရင်ဆိုင်နေကြရတာပါ။
ဒီအခြေနေအပေါ် အမ်းဒေသခံတယောက်ကတော့ မြို့နယ်အလိုက်မှာ အခြေခံကျတဲ့ ရောဂါရှာဖွေရေး ကိရိယာတွေ ရှိစေချင်တယ်လို့ ပြောပါတယ်။
“အရင်ကဆို ဘာပဲဖြစ်ဖြစ် ကိုယ့်ဒေသမှာ အဆင်ပြေပါတယ်။ အခုကျတော့ သွေးစစ်ဆေးဖို့ ကိုတောင် ခရီးအဝေးကြီးသွားရတယ်။ ဆေးကုသစရိတ်ကလည်းကြီး၊ ခရီးစရိတ်လည်း ကြီးတယ်။ ဖြစ်စေချင်တာကတော့ ဒေသအလိုက်မှာ အခြေခံကျတဲ့ ရောဂါရှာဖွေရေး ကိရိယာတွေနဲ့ ကျွမ်းကျင်ဆရာဝန်တွေ လုံလုံလောက်လောက် ရှိစေချင်တယ်။”
စစ်အာဏာရှင်တပ်ဟာ အာရက္ခတပ်တော် (AA) နဲ့ တိုက်ပွဲတွေ စတင်တဲ့အချိန်ကစလို့ ရခိုင်ကို ဆေးဝါးသယ်ယူခွင့် တင်းကျပ်စွာ ကန့်သတ်ခဲ့ပြီးတော့ လက်ရှိအချိန်ထိလည်း ဆေးဝါးသယ်ယူခွင့် ကို တင်းကျပ်ထားဆဲဖြစ်တာကြောင့် ရခိုင်ဒေသမှာ ကျွမ်းကျင်ဆရာဝန်နဲ့ ရောဂါရှာဖွေရေး ကိရိယာ တွေ မလုံလောက်တာအပြင် ဆေးဝါးပြတ်လပ်တာတွေကိုပါ ရင်ဆိုင်နေတာ ဖြစ်ပါတယ်။











