
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ကျတဲ့ ဆရာဝန်တချို့ရဲ့ ကျင့်ဝတ်မလိုက်နာမှုတွေနဲ့ ဆေးရုံ အောက်ခြေဝန်ထမ်းတချို့ရဲ့ မောက်မာစွာ ဆက်ဆံမှုတွေကြောင့် လူနာတွေနဲ့ လူနာစောင့်တွေ၊ လူနာရှင်တွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာနေရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ လူနာရှင်တွေက ပြောပါတယ်။
လူနာရှင်တယောက်က “ဆရာဝန်တွေက ကျင့်ဝတ်မလိုက်နာကြဘူး၊ တော်တော်ဆိုးတယ်။ ရင်သားကင်ဆာ အဆင့် ၄ ဖြစ်နေတဲ့ လူနာကို အခြေအနေ မကောင်းတော့ဘူး။ ကုလို့ မရနိုင်တော့ဘူး ဘာညာဆိုပြီး ပေါ်တင်ကြီး ပြောပစ်တာ။ အမှန်ဆို လူနာရှင်တွေရှိတယ်။ လူနာစောင့်လည်း ရှိတယ်။ သူတို့ကိုခေါ်ပြီး ဆွေးနွေးအကြံပေးတာမျိုး ဖြစ်သင့်တယ်။ ဘာဆက်လုပ်မလဲ၊ ဘယ်လိုမျိုးတော့ လုပ်သင့်တယ် ဆိုတာမျိုး သေသေချာချာလေး ဆွေးနွေးတာမျိုး ဖြစ်သင့်တယ်။ သူတို့က အခုလိုမျိုး ပြောလိုက်တော့ ထူထူထောင်ထောင်ဖြစ်နေတဲ့ လူနာက မျက်စိလေး ကလယ်ကလယ်နဲ့ ဖုတ်လိုက်ဖုတ်လိုက်ကို ဖြစ်သွားတာ။ တော်တော်ဒေါသထွက်ဖို့ကောင်းတယ်”လို့ ပြောပါတယ်။
ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသနေသူတွေအနေနဲ့ အလားတူဖြစ်စဉ်မျိုးတွေ ကြုံတွေ့နေရကာ တချို့လူနာတွေ ရောဂါဖောက်ပြီး အသက်ဆုံးရှုံးရတဲ့အထိ ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း ရန်ကုန်တိုင်း သန်လျင်မြို့နယ်က အသက် ၈၀ ဝန်းကျင် ကျောက်ကပ်နဲ့ အဆုပ်ဝေဒနာ ခံစားနေရတဲ့ လူနာအမျိုးသမီးကြီးကို ရောဂါအခြေအနေဆိုးလို့ ကုသမရနိုင်တော့ကြောင်း ဆရာဝန်တွေက ပြောဆိုခဲ့တဲ့အတွက် အဆိုပါလူနာမှာ ဆေးရုံမှ ပြန်ဆင်းသွားခဲ့ပြီး ရက်ပိုင်းအကြာမှာ ကွယ်လွန်သွားခဲ့တယ်လို့ အဲဒီဖြစ်စဉ်ကို သိရှိတဲ့ ဆေးရုံတက်နေသူ လူနာစောင့်တယောက် ပြောပါတယ်။
ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းက ရန်ကုန်ဆေးရုံကြီး ကင်ဆာဌာနမှာ တက်ရောက်ဆေးကုသခဲ့တဲ့ ရွှေပြည်သာက အသက် ၇၀ ဝန်းကျင် ရင်သားကင်ဆာရောဂါသည် အမျိုးသမီးတယောက်လည်း ဆရာဝန်တွေက ရောဂါအခြေအနေကို လူနာအား တိုက်ရိုက်ပြောခဲ့တဲ့အတွက် ဆေးရုံမှာတင် အသက်ဆုံးရှုံးခဲ့ရတယ်လို့ အဆိုပါလူနာရဲ့ ဆွေမျိုးနီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
"ညီမ အဒေါ်ရဲ့ ယောက္ခမဆိုရင် အသက်က ၇၀ ကျော်ပြီ။ ရင်သားကင်ဆာ အဆင့် ၃ ပေါ့။ သူတို့ပြောတာ လူနာကို သွားပြောတော့ လူနာက ဆွဲချသလိုဖြစ်ပြီး ဘာမှ မစားနိုင်မသောက်နိုင်နဲ့ ၃ ရက်လောက်နေတော့ ဆုံးကော။”
ရန်ကုန်ဆေးရုံကြီးက သက်ဆိုင်ရာ လူနာဆောင်တွေမှာ တာဝန်ကျတဲ့ ဆရာဝန်တချို့ဟာ အသက် ၃၀ အောက် လက်ထောက်ဆရာတွေနဲ့ အလုပ်သင်ဆရာဝန် အများစုဖြစ်နေတဲ့အတွက် အတွေ့အကြုံ နည်းပါးပြီး လူမှုဆက်ဆံရေး အားနည်းချက်တွေ ရှိနေတာကြောင့် လူနာတွေနဲ့ လူနာရှင်တွေ အခက်အခဲ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။
ဆေးရုံတွေမှာ "လူနာများကို ချိုသာစွာဆက်ဆံပါ" ဆိုတဲ့ စာသားပါ ဗီနိုင်းတွေ ချိတ်ဆွဲထားတဲ့အပြင် ဆရာဝန်တွေ လေးစားလိုက်နာရမဲ့ ကျင့်ဝတ်စည်းကမ်းတွေ ချိတ်ဆွဲထားပေမဲ့ တကယ့်လက်တွေ့မှာ ညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်တာ မရှိတဲ့အပြင် ဆေးရုံတာဝန်ရှိသူတွေ ဘက်ကလည်း ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ မရှိဘူးလို့ သိရပါတယ်။
ဒါ့အပြင် ဆေးရုံမှာခန့်ထားတဲ့ သန့်ရှင်းရေးနဲ့ လုံခြုံရေးလို အထွေထွေဝန်ထမ်းတွေရဲ့ ရိုင်းစိုင်းမောက်မာစွာ ဆက်မှုတွေကလည်း ဆေးရုံလာတက်တဲ့ လူနာတွေအတွက် ဝန်ထုပ်တခုလိုမျိုး ရှိနေတာပါ။
အထွေထွေဝန်ထမ်းတွေရဲ့ အော်ဟောက်တာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ လူနာစောင့်တယောက်က “အဆိုးဆုံးပဲ။ သူတို့ကိုပဲ ကြောက်နေရတာ။ အလကားနေ အော်လား ဟောက်လား လုပ်နေတာ။ သန့်ရှင်းရေးက သန့်ရှင်းနေရာမနေဘူး၊ ဆရာဝန်တွေထက် သူတို့က ပိုပြီး ပါဝါပြချင်နေကြတာ။ ဆေးရုံအုပ်တွေကိုတောင် သူတို့လောက် မကြောက်ရဘူး" လို့ DVB ကို ပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနလက်အောက်က အစိုးရဆေးရုံကြီးတွေမှာ သန့်ရှင်းရေးနဲ့ လုံခြုံရေးဝန်ထမ်းတွေကို ပြင်ပက အဆင်ပြေရာလူတွေကို ခေါ်ခန့်နေတာဖြစ်ပြီး အဲဒီဝန်ထမ်းတွေဟာ ဆေးရုံလာတက်တဲ့ လူနာနဲ့ လူနာစောင့်တွေဆီက လက်ဖက်ရည်ဖိုးနဲ့ မုန့်ဖိုး အမည်ခံကာ ငွေကြေးတောင်းယူတာတွေကိုလည်း လုပ်ဆောင်နေကြပါတယ်။
ဆေးရုံလာတက်တဲ့ လူနာနဲ့ လူနာစောင့်တွေဟာ ငွေကြေးချို့တဲ့သူတွေ များတဲ့အပြင် အခြေခံပြည်သူတွေ များတာကြောင့် ပြန်လည်ပြီး တုံ့ပြန်ပြောဆိုတာ၊ တိုင်ကြားတာတွေ မရှိတဲ့အပြင် သက်ဆိုင်ရာ ဆေးရုံတာဝန်ရှိသူတွေက ထိရောက်တဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေ မလုပ်တာကြောင့် အခုလို အခြေအနေဆိုးတွေ ကြုံနေရတာလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ဆေးရုံလာတက်တဲ့ ပြည်သူတွေရဲ့ အဆင်မပြေမှုတွေနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်လက်အောက်ခံ ဆေးရုံတာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဌာနဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။











