
ယူကရိန်းကို တိုက်ခိုက်နေတာကနေ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဟန့်တားဖို့ မြို့တော် မော်စကိုကို ဗုံးခွဲမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တကြိမ်က ခြိမ်းခြောက်ခဲ့ဖူးတယ်လို့ CNN သတင်းဌာနက ဖော်ပြပါတယ်။
CNN ရဲ့ ဆောင်းပါးက မှန်သလားဆိုတာ သေချာမသိဘူးလို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က ဇူလိုင် ၉ ရက်မှာ ပြောလိုက်ပါတယ်။
ရုရှားက ယူကရိန်းကို တိုက်ခိုက်ရင် မော်စကိုမြို့ကို ဗုံးခွဲမယ်လို့ ထရမ့်ပ်က ပူတင်ကို သတိပေးခဲ့တယ်လို့ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးမှုတွေမှာ အလှူရှင်တွေနဲ့ ထရမ့်ပ်ရဲ့ သီးသန့်စည်းဝေးပွဲမှာ ပြောခဲ့တဲ့ အသံဖိုင်ကို ကိုးကားပြီး CNN သတင်းဌာနက ထုတ်ပြန်ခဲ့တာပါ။
အတုအပတွေ အများကြီးရှိလို့ ဒီထုတ်ပြန်ချက်က မှန်သလားဆိုတာ မသေချာပါဘူးလို့ ကရင်မလင် နန်းတော် ပြောခွင့်ရ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ပြောပါတယ်။
ထိုင်ဝမ်ကို ကျူးကျော်ဖို့ ဖြစ်နိုင်ခြေအတွက်လည်း တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အလားတူ သတိပေးထားတယ်လို့ ထရမ့်ပ်က ပြောခဲ့ပြီး ကျူးကျော်ခဲ့ရင် အမေရိကန်က ပေကျင်းမြို့တော်ကို ဗုံးခွဲမယ်လို့ ရှီကို ပြောခဲ့တယ်လို့လည်း CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Source: Reuters