Home
မြန်မာသတင်း
မြန်မာ-ထိုင်းနယ်စပ် သုခစခန်းမှ တာဝန်ခံ ဗိုလ်ကြီး ၁ ဦး KNU ထံ ဘက်ပြောင်းခိုလှုံ
DVB
·
July 10, 2025

ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ် သုခစခန်းမှ တာဝန်ခံ ဗိုလ်ကြီးတဦး ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ ဆီ ဘက်ပြောင်းခိုလှုံလာတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ဒီကနေ့ ဇူလိုင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁ ရက်နေ့မှာ သုခစခန်းတာဝန်ခံ ဗိုလ်ကြီးမြင့်ဆွေဦး( ခ) စောမိုးဇက်က KNU တပ်မဟာ ၄၊ တပ်ရင်း ၁၀ဆီ ချိတ်ဆက်ပြီး ဘက်ပြောင်းခိုလှုံလာတာလို့ ဆိုပါတယ်။

KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက “သုခစခန်းမသိမ်းခင် ကျနော်တို့ဆီ ထွက်ပြေးခိုလှုံလာတာပါ။ လက်ရှိမှာတော့ သူက တပ်ရင်း‌ ၁၀ တပ်ရင်းမှူးနဲ့ အတူတူပဲနေနေတယ်။ ချစ်ချစ်ခင်ခင် ရင်းရင်းနီးနီးနဲ့ အတူတူ နေနေကြပါတယ်” လို့ ပြောပါတယ်။

ဘက်ပြောင်းခိုလှုံလာသူ ဗိုလ်ကြီးမျိုးဆွေဦး (ခ) စောမိုးဇက်က ဗိုလ်ကြီးအဆင့် တပ်ခွဲမှူးရာထူးနဲ့ သုခစခန်း၊ စစ်ကြောင်း ၂ စစ်ကြောင်းမှူးဖြစ်ပြီး သူက စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်ချင်တာကြောင့် ဘက်ပြောင်းလာတယ်လို့ ပဒိုစောအယ်နားက ပြောပါတယ်။

ဘက်ပြောင်းခိုလှုံလာပြီးနောက် ဇူလိုင် ၇ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ သုခစခန်းကို မနက်ပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၄ ဦး ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။

သုခစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်ပြီးတဲ့နောက် RPG-7 ၃၆ ခု၊ ၆၀ မမဗုံးသီးအလုံး ၅၀ ၊ ၄၀ မမ ဗုံးသီး ၄၅ လုံး၊ MA ကျည်အတောင့် ၃,၀၀၀၊ ငါးကြင်းမှီးကျည် ၉၂၂ တောင့်၊ ရှေ့ထွက်မိုင်း ၁၁ လုံး၊ စကာားပြောစက်အကြီး ၁ ခု၊ မီးစက် ၁ ခု၊ ဂျမ်မာတခုနဲ့ RPG -7 ရမ်းပို့ ၃၅ တောင့်တို့ကို သိမ်းဆည်းရမိတယ်လို့ ပဒိုစောအယ်နားဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024