
ပြီးခဲ့တဲ့နှစ်က မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုကြောင့် ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးကို ပြန်လည်ဖမ်းဆီးလိုက်ပါတယ်။
ယွန်းဟာ သူ စစ်အုပ်ချုပ်ရေးကြေညာတာ မှန်ကန်တယ်လို့ ပြသနိုင်ဖို့အတွက် စစ်တပ်ဒရုန်းတွေကို မြောက်ကိုရီးယားဘက် စေလွှတ်ပြီး တဖက်က တုံ့ပြန်မှုရအောင် ဆွပေးဖို့ အမိန့်ပေးခဲ့တယ်ဆိုတဲ့ သက်သေတွေ ရထားတယ်လို့ ဥပဒေအရာရှိတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက ၆ နာရီကြာ စစ်အုပ်ချုပ်ရေးကို ကြီးကြပ်ခဲ့မှုအတွက် ယွန်းဟာ သမ္မတရာထူးက ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။
သမ္မတဟောင်းဟာ သက်သေဖျောက်ဖျက်ပစ်နိုင်ခြေ ရှိတယ်ဆိုတဲ့ အချက်နဲ့ ဆိုးလ်အလယ်ပိုင်းခရိုင် တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်တာ ဖြစ်ပါတယ်။
စစ်အုပ်ချုပ်ရေးဖန်တီးဖို့ ကြိုးစားခဲ့မှုဟာ နိုင်ငံတော်ပုန်ကန်မှုအထိ ဦးတည်တယ်ဆိုတဲ့ စွဲချက်တွေအတွက် ဆက်လက်တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အဓိကစွဲချက် ၅ ခုအတွက် ယွန်းကို ဖမ်းဝရမ်းထုတ်ပေးဖို့ အထူးဥပဒေအရာရှိအဖွဲ့က ဗုဒ္ဓဟူးနေ့က ၇ နာရီကြာမြင့်တဲ့ တရားခွင်မှာ လျှောက်ထားခဲ့ပါတယ်။
အဲဒီအထဲမှာ စစ်အုပ်ချုပ်ရေးမကြေညာမီ အစည်းအဝေးလုပ်ရာမှာ ကက်ဘိနက်အဖွဲ့ဝင်တချို့ကို မဖိတ်ကြားခဲ့ခြင်းအားဖြင့် အဲဒီ အစိုးရအဖွဲ့ဝင်တွေရဲ့ အခွင့်အရေးကို ချိုးဖောက်တယ် ဆိုတဲ့ အချက်မျိုးတွေလည်း ပါဝင်ပါတယ်။
ယွန်းဟာ သူ့ရှေ့နေတွေနဲ့အတူ အမှုကို လာရောက်နားထောင်ခဲ့ပေမဲ့ ဖမ်းဝရမ်းနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းဖို့အတွက် ဆိုးလ်ထိန်းသိမ်းရေးစခန်းကို ခေါ်ဆောင်သွားခံခဲ့ရပါတယ်။
ယွန်းကို ဇန်နဝါရီလကတည်းက ဖမ်းဆီးခဲ့တာဖြစ်ပေမဲ့ ၂ လအကြာမှာ ပြန်လွှတ်ပေးခဲ့ပြီး အမှုကို ဆက်လက်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ယွန်းအပေါ်စွဲချက်တင်ထားတဲ့ ပြစ်မှုတွေ ထင်ရှားရင် ထောင်ဒဏ်တသက်တကျွန်းကနေ သေဒဏ်အထိ ချမှတ်ခံရနိုင်ပါတယ်။
Source:Reuters