
စစ်အုပ်စုက အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နယ်မြေတည် ငြိမ်အေးချမ်းရေးအတွက် လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေထဲက ၅၈ မြို့နယ်ကို ဒီကနေ့မှာ စစ်အုပ်ချုပ်ရေး သက်တမ်းထပ်တိုးလိုက်ပါတယ်။
ရွေးကောက်ပွဲမကျင်းပမီ နောက်ဆုံးကျင်းပတဲ့ ကာလုံအစည်းအဝေးမှာ မြို့နယ်ပေါင်း ၆၀ ကို စစ်အုပ်ချုပ်ရေးသက်တမ်း ၃ လ ထပ်တိုးဖို့ စစ်အုပ်စုက ကြေညာထားရာကနေ အခု ၂ မြို့နယ်ကိုဖယ်ပြီး ကျန် ၅၈ မြို့နယ်ကို သက်တမ်းထပ်တိုးလိုက်တာပါ။
အဲဒီလို စစ်အုပ်ချုပ်ရေး သက်တမ်းတိုးဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ စစ်အာဏာရှင်အစိုးရရဲ့ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦးက အဆိုတင်သွင်းခဲ့တာပါ။
အဲဒီအဆိုကို ဒီကနေ့ ကျင်းပတဲ့ စစ်အာဏာရှင် ပြည်ထောင်စုလွှတ်တော်စည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ၅ ယောက်က ထောက် ခံဆွေးနွေးခဲ့ကြတယ်လို့လည်း နေပြည်တော်က လွှတ်တော်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
အဆိုနဲ့ပတ်သက်ပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူရာမှာ ကန့်ကွက်သူမရှိတဲ့အတွက် မူလစစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေထဲက ချင်းပြည်နယ်က ဖလမ်းနဲ့ တွန်းဇံမြို့နယ်တို့ကို ချန်လှပ်ပြီး ကျန် ၅၈ မြို့နယ်ကို ရက်ပေါင်း ၉၀ စစ်အုပ်ချုပ်ရေးသက်တမ်းတိုးဖို့ စစ်အာဏာရှင် ပြည်ထောင်စုလွှတ်တော် နာယက အောင်လင်းဒွေးက အတည်ပြုကြောင်းကြေ ညာခဲ့တယ်လို့ သိရပါတယ်။
အဒီလို စစ်အုပ်ချုပ်ရေး သက်တမ်းတိုးထဲ့အထဲမှာ ကချင်ပြည်နယ်က ၅ မြို့နယ်၊ ကယားပြည်နယ်က ၃ မြို့နယ်၊ ကရင်ပြည်နယ်က ၂ မြို့နယ်၊ ချင်းပြည်နယ်က ၅ မြို့နယ်၊ စစ် ကိုင်းတိုင်းက ၈ မြို့နယ်၊ မကွေးတိုင်းက ၅ မြို့နယ်၊ မန္တလေး တိုင်းက ၂ မြို့နယ်၊ ရခိုင်ပြည်နယ်က ၁၄ မြို့နယ် နဲ့ ရှမ်းပြည်နယ်က ၁၀ မြို့နယ် ပါဝင်တာကို တွေ့ရပါတယ်။











