
အမေရိကန်ရဲ့ အခွန်နှုန်းတိုးမြှင့်မှုတွေကို မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဝေဖန်လိုက်ပါတယ်။
အာဆီယံဒေသတွင်း နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ၃ ရက်ကြာ အစည်းအဝေးပြုလုပ်ချိန်မှာ အန်ဝါအီဘရာဟင်က အခုလို ဝေဖန်ခဲ့တာပါ။
၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲကို ဇူလိုင် ၉ ရက်ကနေ ဇူလိုင် ၁၁ ရက်အထိ ပြုလုပ်နေတာဖြစ်ပါတယ်။
ဒီအစည်းအဝေးပွဲမှာ အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ခွန်တိုးမြှင့်မှု၊ ဂါဇာရဲ့ အခြေအနေ၊ ဒေသတွင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်း စတဲ့အကြောင်းအရာတွေကို ဇူလိုင် ၉ ရက်နေ့ စတင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲမှာ တရုတ်၊ ရုရှားတို့လည်း ပါဝင်ဆွေးနွေးဖွယ်ရှိကာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုလည်း တက်ရောက်ဖွယ်ရှိပါတယ်။
ရူဘီအိုရဲ့ အာရှတိုက် ပထမဆုံးခရီးစဉ်ဖြစ်ပြီး ကြာသပတေးနေ့မှာ အာဆီယံ အစည်းအဝေးပွဲကို ၂ ရက်ကြာ တက်ရောက်ဖွယ်ရှိပါတယ်။
“ကမ္ဘာတဝန်းလုံးမှာ တချိန်က ဖွံ့ဖြိုးဖို့ အသုံးပြုခဲ့တဲ့နိုင်ငံတွေကို အခုချိန်မှာ ဖိအားတွေပေးဖို့ ဖြစ်လာပါပြီ။ အခွန်တိုးကောက်မှု၊ ပို့ကုန်တင်းကျပ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အနှောင့်အယှက်တွေနဲ့ ရင်ဆိုင်နေရပါပြီ” လို့ အီဘရာဟင်က အမေရိကန်နိုင်ငံနာမည်မတပ်ဘဲ ပြောဆိုခဲ့တာ တွေ့ရပါတယ်။
အီဘရာဟင်ရဲ့ အဖွင့်အမှာစကားပြောပြီးတာနဲ့ အာဆီယံဝန်ကြီးတွေဟာ မီဒီယာတွေကို မပါဘဲ တံခါးပိတ်အစည်းအဝေး ကျင်းပခဲ့ပါတယ်။
တနင်္ဂလာနေ့က ထုတ်ပြန်ချက်အရ အမေရိကန်ဟာ မလေးရှား အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေကို အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမှာဖြစ်ပြီး မြန်မာနဲ့ လာအိုကို ၄၀ ရာခိုင်နှုန်း ကောက်ခံမှာဖြစ်ပါတယ်။
Source: Reuters