
စစ်အာဏာရှင်ဩဇာခံ အမျိုးသားလွှတ်တော်မှာ ဇူလိုင် ၃ ရက်က မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးစိုးမြင့် တင်သွင်းတဲ့ အခွန်နဲ့ အဂတိဆိုင်ရာ အဆိုကို အတည်ပြုလိုက်တာကြောင့် ဌာနဆိုင်ရာဝန်ထမ်း အဆင့်ဆင့်ကို စုံစမ်းစစ်ဆေးပြီး အရေးယူတာတွေ လုပ်ဆောင်လာနိုင်တယ်လို့ လွှတ်တော်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်အစိုးရတွေ လက်ထက်တည်းက အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုတွေဟာ ရာထူးအကြီးအငယ်အလိုက် ဌာနဆိုင်ရာဝန်ထမ်းတွေကြား ပုံသဏ္ဌာန်မျိုးစုံနဲ့ ရှိနေခဲ့တာပါ။
အဲဒီလို အဂတိလိုက်စားမှုတွေကို စိစစ်အရေးယူဖို့ လွှတ်တော်အမတ် ဒေါ်စိုးစိုးမြင့်က အဆိုတင်သွင်းခဲ့တာဖြစ်ပြီး အဲဒီအဆိုကို ထောက်ခံဆွေးနွေးဖို့ လွှတ်တော်ကိုယ်စားလှယ် ၁၇ ယောက်က အမည်စာရင်း တင်သွင်းခဲ့ပါတယ်။
ဇူလိုင် ၈ ရက်၊ ၁၀ ရက်နဲ့ ၁၃ ရက်မှာ အဲဒီအဆိုနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပြီး စစ်အာဏာရှင်ခန့် ဘဏ္ဍာ/အခွန်ဝန်ကြီးက လွှတ်တော်မှာ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
ဇူလိုင် ၁၃ ရက်က အဆိုနဲ့ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးကြတဲ့အထဲ ပါဝင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြည့်ဖြိုးစံက မိဘအမွေလည်း မရ၊ ထီလည်း မပေါက်၊ လက်ထက်ပွားလည်းမရှိဘဲ ချမ်းသာနေတဲ့ ဝန်ထမ်းတွေကို စစ်ဆေးအရေးယူဖို့ဆိုပြီး ထည့်သွင်း ပြောကြားသွားပါတယ်။
“မိဘအမွေလည်း မရ၊ ထီလည်း မပေါက်၊ လက်ထက်ပွားလည်း မရှိပါဘဲ ရရှိတဲ့လစာနဲ့ သုံးစွဲမှု၊ ပိုင်ဆိုင်မှုပုံစံ မညီမျှတာတွေကို ကြပ်မတ်ရပါလိမ့်မယ်။ သင်္ကာမကင်းဖြစ်ရုံ၊ နာမည်ကျော်စောရုံနဲ့ စစ်ဆေးခွင့်ရှိပါက ပိုမိုအဆင်ပြေ ထိရောက်ပါလိမ့်မယ်။”
ဒါ့အပြင် အဂတိလိုက်စားမှုဟာ လာဘ်ငွေလက်ခံရယူမှသာမဟုတ်ဘဲ ရာထူးတာဝန်အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး မိမိကိုယ်ကျိုး၊ မိမိအသိုက်အဝန်း ကောင်းစားရေးအတွက် လုပ်ကိုင်ဆောင်ရွက်မှုတွေ၊ နိုင်ငံတော်ပိုင်ဘဏ္ဍာငွေ၊ အချိန်နဲ့ ပစ္စည်းကိရိယာတွေကို အသုံးပြုကာ အကျိုးစီးပွားပဋိပက္ခ ဖြစ်ပေါ်စေတာတွေ အားလုံးဟာလည်း အဂတိလိုက်စားမှုတွေ ဖြစ်တယ်လို့ ဦးပြည့်ဖြိုးစံက ဆိုပါတယ်။
အဲဒီအဆိုနဲ့ပတ်သက်ပြီး လွှတ်တော်မှာ မှတ်တမ်းတင်ဖို့ ကနဦးဆုံးဖြတ်ခဲ့ပေမဲ့ အဆိုရှင် ဒေါ်စိုးစိုးမြင့်ရဲ့ ဖြည့်စွက်တင်ပြမှုကြောင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူပြီး အဆိုကို အတည်ပြုပေးခဲ့ပါတယ်။
အဆိုကို လွှတ်တော်က အတည်ပြုပေးလိုက်တဲ့အတွက် အစိုးရအဖွဲ့ရဲ့ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေကို အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးအရေးယူတာတွေ လုပ်လာလိမ့်မယ်လို့ အဆိုရှင် ဒေါ်စိုးစိုးမြင့်က သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့် ပြောပါတယ်။
"ဌာနအစုံရဲ့ အခွန်ရရှိမှုနဲ့ အဂတိတွေအပေါ် ဆက်လက်ပြီး ထိရောက်တဲ့ အရေးယူမှုတွေနဲ့ ဆောင်ရွက်သွားမှာဖြစ်လို့ နိုင်ငံအတွက် များစွာအကျိုးရှိစေတဲ့ အဆိုကို လွှတ်တော်မှာ အောင်မြင်စွာ အတည်ပြုနိုင်ခဲ့ပါပြီ" လို့ ဒေါ်မြင့်မြင့်စိုးက ဆိုပါတယ်။
နိုင်ငံတကာ အဂတိလိုက်စားမှုစောင့်ကြည့်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ အဂတိကင်းရှင်းရေးညွှန်းကိန်း (CPI) အမှတ် ၁၀၀ ပေးထားရာမှာ ၁၆ မှတ်သာရရှိပြီး နိုင်ငံပေါင်း ၁၈၂ နိုင်ငံအနက် အဆင့် ၁၆၉ အထိ ရှိနေပါတယ်။
စစ်အာဏာရှင်ခေါင်းဆောင်တွေကအစ ဌာနဆိုင်ရာဝန်ထမ်းတွေအဆုံး အဂတိလိုက်စားမှုတွေက မြန်မာနိုင်ငံမှာ အမြစ်တွယ်နေတာဖြစ်ပြီး အခုလို အဂတိလိုက်စားမှုတွေကို ထိန်းသိမ်း ဟန့်တားနိုင်ဖို့အတွက် အစိုးရအဖွဲ့တွေနဲ့ ဌာနဆိုင်ရာတွေရဲ့ လုပ်ငန်းဆောင်ရွက်မှု စနစ်တွေကိုပါ ပြုပြင်သင့်တယ်လို့ ပညာရှင်တွေက သုံးသပ်ပြောပါတယ်။










