
ယူကရိန်းစစ်ပွဲ ဆက်လက်ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်ကို ကျေနပ်အားရမှုမရှိကြောင်း ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်မှာ ပြောကြားပါတယ်။
အဲဒီနောက် အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့ အစည်းအဝေးအတွင်း မော်စကိုအပေါ် အရေးယူဒဏ်ခတ်မှုတွေ ထပ်ပြီးချမှတ်ဖို့အတွက် စဉ်းစားနေတယ်လို့ ထရမ့်ပ်က သတင်းထောက်တွေကို ဖြေဆိုပါတယ်။
အထက်လွှတ်တော်ရဲ့ ဒဏ်ခတ်ပိတ်ဆို့ရေး ဥပဒေကြမ်းနဲ့ပတ်သက်ပြီး သူ့အမြင်ကို မေးမြန်းရာမှာတော့ ထရမ့်ပ်က “အလွန်လေးနက်စွာ စဉ်းစားနေပါတယ်” လို့သာ တုံ့ပြန်ခဲ့ပါတယ်။
“အခုချိန်မှာ ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ပူတင်က လူအများကြီး သတ်နေတာပါ။ အဲဒီထဲမှာ သူ့စစ်သားအများစု ပါဝင်သလို ယူကရိန်းတပ်သားတွေလည်း ပါဝင်ပါတယ်။ ပြီးတော့ တပတ်ကို သေဆုံးသူ ၇,၀၀၀ လောက် ရှိနေပါတယ်” လို့ ထရမ့်ပ်က မှတ်ချက်ပြုပါတယ်။
“ပူတင်ဆီက အရေးမပါတာတွေကို ကြားနေရတာပါ။ တချိန်လုံး ကောင်းကောင်းမွန်မွန် ပြောဆိုပေမဲ့လည်း တကယ်တမ်းတော့ ဘာအဓိပ္ပာယ်မှမရှိဘူး” လို့လည်း ဖြည့်စွက်ပြောပါတယ်။
ဒါ့အပြင် အမေရိကန်ဆီကို တခြားနိုင်ငံတွေကနေ တင်သွင်းလာမယ့် ကြေးနီမှန်သမျှအပေါ် အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံမယ့်အကြောင်းပါ ထရမ့်ပ်က အတည်ပြုလိုက်ပါတယ်။
သံနဲ့ အလူမီနီယမ် အပေါ် ကောက်ခံနေတဲ့ နှုန်းထားအတိုင်း ကြေးနီကိုပါ အခွန်စည်းကြပ်မှာ ဖြစ်ပေမဲ့လည်း ဘယ်အချိန်ကစပြီး အသက်ဝင်မယ် ဆိုတာတော့ မသိရသေးပါဘူး။
လွန်ခဲ့တဲ့နှစ်က အမေရိကန်ဟာ ဒေါ်လာ ၁၇ ဘီလီယံ တန်ကြေးရှိတဲ့ သန့်စင်ပြီးသား ကြေးနီ တန်ချိန်ပေါင်း ၈၁၀,၀၀၀ ကို တင်သွင်းခဲ့တာပါ။
ဒါဟာ ပြည်တွင်းလိုအပ်ချက်ရဲ့ ထက်ဝက်နီးပါးသာရှိပြီး ချီလီနဲ့ ကနေဒါနိုင်ငံတွေဟာ အဓိကတင်ပို့သူ ဖြစ်ပါတယ်။
တချိန်တည်းမှာ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်း ကလည်း ဥရောပဟာ “ယူကရိန်းကို လုံး၀ ပစ်ပယ်မှာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ လုံခြုံရေးနဲ့ အခြေခံမူဝါဒတွေဟာ ယူကရိန်းအပေါ် မူတည်နေတာကြောင့် ဖြစ်ပါတယ်” ဆိုပြီး ဗြိတိန်ပါလီမန်မှာ မိန့်ခွန်းပြောသွားပါတယ်။
ဒါ့အပြင် ပြင်သစ်နဲ့ ဗြိတိန်ဟာ ယူကရိန်းအတွက် ထောက်ပံ့ပေးဖို့ရာ “ဆန္ဒရှိတဲ့မဟာမိတ်အဖွဲ့” နဲ့အတူ လက်တွဲလုပ်ကိုင်သွားမယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။
ရုရှားဘက်ကတော့ ယူကရိန်းမြို့တွေကို တာဝေးပစ်လက်နက်တွေနဲ့ အရှိန်မြှင့်တိုက်ခိုက်နေပြီး ရှေ့တန်းမှာ တဖြည်းဖြည်းချင်း ထပ်တိုးလာနိုင်တဲ့အပြင် နီပရိုပတ်ထရော့ဗ်ခ် ဒေသက ဒါ့ချ်နီး ကျေးရွာကိုပါ သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကြေညာထားပါတယ်။
Source: Reuters