
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မှာ မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် လူနေအိမ် ၃၈ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာအုပ်စု၊ တိုးကျေးရွာမှာ ဇူလိုင် ၇ ရက် ညနေက မိုးသည်းထန်စွာ ရွာသွန်းပြီး ရုတ်တရက် လေပြင်းတိုက်ခတ်တာကြောင့် လူနေအိမ်အလုံး ၂၀ အမိုးလန် ပျက်စီးခဲ့ပြီး ၁၈ လုံး ပြိုကျပျက်စီးခဲ့တာလို့ သိရပါတယ်။
ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “နေအိမ်ပျက်စီးတဲ့ မိသားစုဝင်တချို့ကို ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းကို ခေတ္တရွှေ့ပြောင်းပေးထားတယ်။ တချို့ကတော့ ယာယီတဲထိုးနေနေရတယ်” လို့ ပြောပါတယ်။
လေပြင်းဒဏ်ကြောင့် ဒေသခံတွေ ထိခိုက်တာ သေဆုံးတာ မရှိပေမဲ့ ပျက်စီးခဲ့တဲ့ နေအိမ် ၃၈ လုံး ပြန်ဆောက်ဖို့ အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“လေပြင်းဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အိမ်တွေက အစုံပါပဲ။ လေက လေဆင်နှာမောင်းလို ပုံစံမျိုး တိုက်ခတ်ခဲ့တာ။ ဓနိမိုး ဓနိကာနေအိမ်တွေ၊ သွပ်မိုးပျဉ်ကာ နေအိမ်တွေလည်း ပါတယ်။ လူတွေ၊ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိခဲ့ပါဘူး။”
လေပြင်းဒဏ်ကြောင့် တိုးကျေးရွာ ကျေးလက်ကျန်းမာရေးဌာန ဆိုင်းဘုတ်ပြုတ်ကျတာ၊ ကျန်းမာရေးဌာန ခြံစည်းရိုးတွေလည်း ယိုင်လဲပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။
ဒေသခံတွေအနေနဲ့ မကြာမီ မိုးလယ်ကာလကို ရောက်တော့မှာဖြစ်လို့ မိုးလယ်ကာလမှာ ဖြစ်လေ့ရှိတဲ့ လေပြင်းတိုက်ခတ်တာတွေအပြင် ရေဘေးအန္တရာယ်ကိုပါ သတိနဲ့ နေထိုင် လုပ်ကိုင်သွားလာကြဖို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ မိုးဇလက အကြံပြုထားချက်အရ သိရပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ဇူလိုင် ၇ ရက် နေ့လယ်ပိုင်းကလည်း လူနေအိမ်တလုံး ပြိုကျပျက်စီး ဆုံးရှုံးခဲ့ရသေးတယ်လို့ သိရပါတယ်။