
ပဲခူးတိုင်း၊ ပဲခူးမြို့၊ မဲခုံရပ်ကွက်မှာ ဇူလိုင် ၉ ရက် မနက်က ပိုင်ရှင်မဲ့ အမျိုးသားတယောက်ရဲ့ ရုပ်အလောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
မဲခုံရပ်ကွက်အတွင်းက လူမနေတဲ့ အိမ်တအိမ်အတွင်းမှာ ရုပ်ပျက်ဆင်းပျက် ပုပ်ပွနေတဲ့ အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပြီး ဘယ်သူဆိုတာ မသိရသေးဘူးလို့ လူမှုကူညီရေးအသင်းတခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“မနက်က မဲခုံအပိုင် ဗားမဲ့ဘုန်းကြီးကျောင်းနောက် ဘောလုံးကွင်းထဲက လူမနေတဲ့အိမ်မှာ အလောင်းတွေ့တယ်လို့ ပဲခူးအမှတ် ၂ ရဲစခန်းက အကြောင်းကြားလို့ သွားတာပါ။ အလောင်းက အိမ်ထဲမှာ တံခါးပိတ်လျက်ပဲ တွေ့တာ။ အဲဒီအိမ်နားမှာလည်း တခြားအိမ်တွေ မရှိဘူး။ ဒီအတိုင်းဆို သေတာ ၅ ရက်ကျော်လောက်တော့ ရှိပြီထင်တယ်။”
အလောင်းကို ပဲခူးဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ထားပြီး သက်ဆိုင်ရာရဲစခန်းက စစ်ဆေးနေဆဲ ဖြစ်တာကြောင့် နောက်ဆက်တွဲ အခြေအနေကို မသိရသေးဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၇ ရက် ညနေကလည်း ပဲခူးမြို့၊ ဥသာမြို့သစ်၊ ၇ ရပ်ကွက် ကိုင်းတောထဲမှာ အသက် ၄၀ အရွယ် မျက်နှာပျက်စီးနေပြီး ဒဏ်ရာတွေနဲ့ ပိုင်ရှင်မဲ့ အမျိုးသမီးရုပ်အလောင်းကို မြို့ခံတွေ တွေ့ရှိခဲ့ပါသေးတယ်။
ဒါ့အပြင် ပဲခူးမြို့မှာ ပြီးခဲ့တဲ့ မေ ၂၀ ရက် ညနေကစပြီး ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေ လူပျောက်ကြော်ငြာထားခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် ကလေးတယောက်ရဲ့ အလောင်းကို မဇင်းဆည်အနီး ချုံတခုအတွင်းမှာ မေ ၂၃ ရက်က ပြန်လည်တွေ့ရှိပြီး တရားခံတွေကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။