DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းပြည်သူများ ရေဘေးသင့်နေချိန်  စစ်တပ်က အကြိမ် ၆၀ ကျော် ဗုံးကြဲ
DVB
·
August 28, 2026
Photo : DVB
Photo : DVB
Donate to DVB

အယ်လ်နီညို ရာသီဥတုနဲ့ ကြုံတွေ့နေချိန် ကမ္ဘာ့နိုင်ငံတချို့မှာ ရေကြီး ရေလျှံမှု သဘာဝဘေးနဲ့ ကြုံနေရတဲ့အတွက် သက်ဆိုင်ရာနိုင်ငံတွေရဲ့  စစ်တပ်တွေက ကယ်ဆယ်ရေးမှာ ပါဝင်ဆောင်ရွက် နေကြပါတယ်။

လတ်တလော နီပေါနဲ့ တိဘက်နယ်စပ် ဟိမဝန္တာဒေသမှာ ရေကြီးမှုဖြစ်တဲ့အချိန် နီပေါစစ်တပ်က လည်း အရပ်သားတွေကို ရဟတ်ယာဉ်နဲ့ ကယ်ထုတ်နေတာပါ။

အခုဩဂုတ်လအတွင်း ရေကြီးမှုဒဏ်ကို နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံးခံခဲ့ရပြီး လူပေါင်း ၂ သိန်းခွဲနီးပါး ရေဘေးသင့်ခဲ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ကိုင်းတိုင်းမှာတော့ မြန်မာစစ်အာဏာရှင်တပ်က  ရေဘေးမကူညီတဲ့အပြင် ရေဘေးသင့် ပြည်သူတွေနဲ့ ကျေးရွာတွေကို လေကြောင်းကနေ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်ကစလို့ စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ခင်ဦး၊ ဒီပဲယင်း၊ ကန့်ဘလူ၊ ရွှေဘို၊ ဝက်လက်အပါအဝင် မြို့နယ်ပေါင်း ၁၄ ခုမှာ ရေဘေးဒဏ် ခံစားခဲ့ရပြီး ပြည်သူအယောက် ၃၀ ကျော် ရေဘေးကြောင့် သေဆုံးခဲ့ရပါတယ်။

ရေဘေးကြောင့် စစ်ကိုင်းတိုင်းထဲက လူဦးရေ ၂ သိန်းခွဲနီးပါး ရေဘေးသင့်နေတဲ့အချိန်မှာပဲ စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ပြည်သူတွေဟာ သဘာဝဘေး နဲ့ လေကြောင်းအန္တရာယ်ကြား အသက်ရှင်သန်ဖို့ ရုန်းကန်ခဲ့ရတယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရ လူသားချင်းစာနာထောက်ထားရေး၊ ပြန်လည်ထူထောင်ရေးနဲ့ အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေး ဌာန ဝန်ကြီး ဦးတိုးဝေအောင်က ပြောပါတယ်။

“ရေဘေးကြောင့် ဒုက္ခတွေ အများကြီးရောက်နေတဲ့အချိန်မှာ အခုလိုရင်ဆိုင်ခဲ့ရတာ ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ လုံခြုံရေးကတော့ ပြောမနေနဲ့ပေါ့နော်။ ရေကြီးတဲ့အတွက် ကိုယ့်ရွာ ကိုယ့်နေရာကို ပြန်နေဖို့အတွက် သွားနေရတဲ့ အခြေအနေမှာ ရေက အိမ်အောက်ထပ်မှာ နစ်နေရင် အိမ်ပေါ်ထပ်မှာ ဖြစ်သလိုနေတယ်။ တချို့ မြင့်တဲ့ အဆောက်အအုံ ကုန်းမြင့်တွေမှာ သွားနေတဲ့အချိန်မှာ ပြည်သူတွေက ပြေးမယ်ဆိုလည်း ပြေးစရာနေရာ မရှိတဲ့အချိန်မှာ လေကြောင်းတိုက်ခိုက်မှု လုပ်တာပါ။ ရေဘေးသင့် ပြည်သူတွေဟာ ရှင်သန်ဖို့အတွက် အဆိုးရွားဆုံး အခြေအနေမှာ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။”

ရေဘေးအန္တရာယ် ကြုံတွေ့နေရတဲ့ ဩဂုတ် ၈ ရက်ကစလို့ ဩဂုတ် ၂၃ ရက်အထိ စစ်ကိုင်းတိုင်းက ၁၄ မြို့နယ်မှာ စစ်အာဏာရှင်အစိုးရတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၆၀ အထိရှိခဲ့ပြီး ပြည်သူ ၁၄ ယောက် သေဆုံးခဲ့ကာ ၅၉ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

စစ်အာဏာရှင်အစိုးရတပ်က ရေဘေးသင့်ချိန်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တာတင် မကပါဘူး၊ စစ်ကိုင်းတိုင်းထဲက ယင်းမာပင်၊ ကနီမြို့နယ်တွေဘက်မှာလည်း စစ်အာဏာရှင်တပ်သား အင်အားတွေ ဖြည့်ပြီး မြေပြင်စစ်ကြောင်းတွေ ထိုးနေပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းက ရေဘေးသင့်ပြည်သူတွေကို ကူညီပေးဖို့သွားတဲ့ မန္တလေးက ပရဟိတ အဖွဲ့တွေကိုလည်း စစ်အာဏာရှင်အစိုးရက စစ်ကိုင်းတံတားမှာ တားဆီးပြီး ပြန်လှည့်ခိုင်းသလို ရန်ကုန်ကနေ စစ်ကိုင်းကို ကူဖို့လာတဲ့ ပရဟိတသမားတွေကိုလည်း ရွှေဘိုနဲ့ မုံရွာမြို့တွေကနေ အကြောင်းပြချက်မရှိဘဲ တားဆီးခဲ့တာတွေကြောင့် ရေဘေးသင့် ပြည်သူတွေဆီကို အကူအညီတွေ မရောက်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် စစ်ကိုင်းတိုင်းထဲက ရေဘေးသင့်ပြည်သူတွေကို ကာကွယ်ရေး အဖွဲ့အစည်းတွေ၊ ဒေသတွင်းက အစုအဖွဲ့တွေ၊ ဒေသခံပြည်သူတွေ အချင်းချင်း အပြန်အလှန် ကူညီတာတွေပဲ လုပ်ဆောင်နိုင်ပါတယ်။

အခုလို ရေဘေးကြားက ပြည်သူတွေကို စစ်အာဏာရှင်အစိုးရက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့လို့ စိတ်ထိခိုက်ရတယ်လို့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။

“ကိုယ်တွေကကျတော့ ကိုယ်တွေ ရန်သူကြီး ဖြစ်နေရင်တောင် နောက်ထပ် ဒုက္ခထပ်ပေးဖို့ မရဲဘူးပေါ့နော်။ ဥပမာ သူလည်း လုပ်ရဲလို့လုပ်တယ်၊ ကိုယ်လည်း လုပ်ရဲလို့လုပ်တယ်၊ သူလည်း အဆင်ပြေလို့ လုပ်တယ်၊ ကိုယ်လည်း အဆင်ပြေတဲ့အချိန်မှာ သူသေသေ ကိုယ်သေသေဆိုတဲ့ အခြေအနေမျိုးက ကိစ္စမရှိဘူး။ အခုက မတရားသဖြင့် ရေနစ်နေတဲ့သူကို ဝါးနဲ့ ထိုးနေသလိုပဲ။ ကိစ္စတခုမပြီးသေးဘူး၊ နောက်တခု ထပ်ပေးဖို့၊ အဲဒီလောက်ကြီး လူမဆန်တဲ့ စိတ်ကြီးမွေးဖို့ကတော့ မလုပ်ရက်တဲ့ကိစ္စပဲလေ။ စိတ်ပိုင်းဆိုင်ရာတော့ တော်တော်ကွာခြားတယ်။”

ဒီဩဂုတ်လအတွင်း စစ်ကိုင်းအပါအဝင် တိုင်းဒေသကြီးလေးခုမှာ ရေကြီးရေလျှံမှုဒဏ်ကို ခံနေရတာပါ။

အဲဒီလို ရေကြီးနေတဲ့ကာလအတွင်း စစ်တပ်က နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု ၂၃၉ ကြိမ် ပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၈၈ ယောက် သေဆုံးပြီး ၁၅၇ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ် လို့ NUG က ထုတ်ပြန်ထားပါတယ်။

သီရိ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013