DVB Logo
Home
မြန်မာသတင်း
ထားဝယ်တွင် စစ်တပ်က လူငယ်များကို နည်းမျိုးစုံဖြင့် အဓမ္မ စစ်သားစုဆောင်းနေ
DVB
·
July 9, 2025
ထားဝယ်တွင် စစ်တပ်က လူငယ်များကို နည်းမျိုးစုံဖြင့် အဓမ္မ စစ်သားစုဆောင်းနေ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ စစ်ကောင်စီက စစ်မှုထမ်းအတွက် တပ်သားသစ်စုဆောင်းဖို့ လူငယ်တွေကို နည်းမျိုးစုံနဲ့ ဖမ်းဆီးခေါ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထားဝယ်မြို့ပေါ်မှာ ဇန်နဝါရီလကတည်းက စပြီး စစ်မှုထမ်းစာရင်းအတွက် မဲနှိုက်တာမျိုး မလုပ်တော့ဘဲ အိမ်တွေဆီကို စစ်မှုထမ်း ဆင့်ခေါ်စာတွေ စပြီး ပို့ခဲ့တာပါ။

ဒီနှစ်ကစလို့ စစ်မှုထမ်းအတွက် တပ်သားသစ် စုဆောင်းတာတွေကို နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတာလို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) တာဝန်ခံ ကိုမင်းလွင်ဦးက ပြောပါတယ်။

“စစ်မှုထမ်း နောက်ပိုင်းအပတ်စဉ်တွေမှာကျတော့ သူတို့ မဲဖောက်ခိုင်းတဲ့ဟာတွေ မလုပ်တော့တာ တွေ့ရတယ်။ အိမ်ကို တိုက်ရိုက်စာပို့ခိုင်းတာမျိုးတွေ ရှိတယ်။ ထားဝယ်မြို့ပေါ်မှာဆိုရင် အရပ်သားအသွင် ယူပြီးတော့ နေ့လုပ်နေ့စား လူငယ်တွေကို လိုက်ဆွဲတာမျိုးတွေ ရှိတယ်လို့ ကျနော်တို့ ကြားတယ်။ နောက်တခုက ကျနော်တို့ဆီမှာ စစ်မှုထမ်းဥပဒေကြောင့်လည်း ပါတာပေါ့ဗျာ။ နီးစပ်ရာ ပြည်ပကို ထွက်ပြေးကြတဲ့ လူငယ်တွေလည်း ရှိတယ်။ အဲ့မှာ ပြည်ပကိုထွက်တဲ့ ကားတွေပေါ်မှာ ကားတစီးလုံး ဖမ်းပြီးတော့ စစ်မှုထမ်းဥပဒေအတွက် အတင်းအဓမ္မ ဖမ်းခေါ်သွားတာတွေလည်း ရှိတယ်။ ထိုင်းတွေ ဘာတွေမှာ ဆိုရင်လည်း ကျနော်တို့ ဒေသက လူငယ်တွေ အထောက်အထားမရှိလို့ အဖမ်းခံရတာမျိုးတွေ၊ မြန်မာပြည်ကို ပြန်ပို့မယ်ဆိုရင် ဥပမာ သူတို့ တခါတည်း ခေါ်သွားပြီးတော့ စစ်မှုထမ်းထဲကို ထည့်လိုက်တာမျိုးတွေလည်း ရှိတယ်။”

ဇန်နဝါရီလတုန်းက စစ်မှုထမ်းဆင့်ခေါ်စာ ရရှိခဲ့သူတယောက် ဆိုရင်လည်း ရှောင်တိမ်းနေရပြီး ရပ်ကွက်ရုံးက ဘယ်အချိန် ထပ်ခေါ်မလဲနဲ့ မိသားစုတွေကို ခြိမ်းခြောက်တာမျိုးတွေ ရှိမှာကို တွေးပူပြီး စိုးရိမ်နေရတယ်လို့ DVB ကို ပြောပြခဲ့ပါတယ်။

ထားဝယ်မြို့ဒေသခံ တယောက်ကလည်း စစ်မှုထမ်းစာရင်းပါလို့ ရှောင်တိမ်းရပြီ ဆိုရင်လည်း စိန်ခေါ်မှုတွေ အများကြီး ရှိနေတယ်လို့ ပြောပါတယ်။

“စာရင်းပါလို့ ရှောင်တိမ်းရမယ်ဆိုရင် စိန်ခေါ်မှုတွေက အများကြီးရှိတယ်။ သားတယောက်က ဒီမိသားစုတခုလုံးကို လုပ်ကျွေးနေတယ်ဆိုရင် သူ့အနေနဲ့က ဘယ်မှ သွားလို့မရတော့ဘူး။ သူ့အနေနဲ့ လွတ်မြောက်နယ်မြေ မဟုတ်ရင်တောင်မှ နည်းနည်း PDF တို့ ဘာတို့ စိုးမိုးထားတဲ့ နေရာတွေမှာ တိမ်းရှောင်ရတဲ့ ပုံစံမျိုးတွေ ရှိတယ်။ ဆိုတော့ သူတို့ရဲ့ စားဝတ်နေရေးကတော့ ပိုပြီးတော့ ကျပ်တည်းလာတာပေါ့။ ဒါပေမဲ့ လူကတော့ ရှောင်တိမ်းလိုက်နိုင်တာပေါ့။ တချို့ဆိုရင် PDF တပ်ရင်းတပ်ဖွဲ့တွေမှာ ရဲဘော်အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေလည်း ရှိပါတယ်။”

စစ်မှုထမ်းအသက် အကျုံးဝင်သူတွေဟာ ပြည်ပကို ရောက်ရှိနေရင်လည်း မြို့ပေါ်မှာကျန်ခဲ့တဲ့ မိဘတွေကို ခြိမ်းခြောက်ပြီး ငွေညှစ်တာတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတွေ ပြောကြားချက်အရ ဒီဇူလိုင်လထဲမှာပဲ ထားဝယ်မြို့ပေါ်က ရပ်ကွက်တချို့မှာ ဧည့်စာရင်းစစ်ပြီး စစ်မှုထမ်းအသက်အရွယ် အကျုံးဝင်တဲ့ လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ရှိတယ်လို့ သိရပါတယ်။

လူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ဥပဒေကို စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြန်အသက်အသွင်းပြီး မတ် ၂၈ ရက်က စတင်သင်တန်းပေးခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် စစ်မှုထမ်းသင်တန်းဟာ အပတ်စဥ် ၁၅ အထိ ရောက်လာပြီပဲ ဖြစ်ပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013