
ဗြိတိန်အစိုးရအဖွဲ့ရဲ့ ဝန်ကြီးဟောင်းတယောက် ဖြစ်သလို Reform UK ပါတီရဲ့ အမျိုးသမီး နိုင်ငံရေးသမားတယောက်လည်းဖြစ်တဲ့ အသက် ၇၈ နှစ်အရွယ် အန်းန် ဝစ်ဒီကုမ်းမ်ဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရပြီးနောက်၊ သူ့ကို လုပ်ကြံသတ်ဖြတ်ခဲ့မှု သံသယနဲ့ အမျိုးသားတယောက်ကို ဗြိတိန်ရဲတပ်ဖွဲ့က ဇူလိုင် ၁၀ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အင်္ဂလန် အနောက်တောင်ပိုင်း ကျေးလက်ဒေသမှာရှိတဲ့ ဝစ်ဒီကုမ်းမ် ရဲ့ နေအိမ်ကနေ ၉ မိုင် (၁၅ ကီလိုမီတာ) လောက်အကွာမှာရှိတဲ့ နယူတန် အက်ဘော့တ်မြို့မှာ အသက် ၂၆ နှစ်အရွယ် ဗြိတိသျှလူမျိုး လူဖြူ အမျိုးသားတယောက်ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ဒဲဗွန်းနဲ့ ကွန်းဝေါလ် ရဲတပ်ဖွဲ့ရဲ့ လက်ထောက်ရဲမင်းကြီး မတ်ထ်လောင်းမန်း ကတော့ ဒီလူသတ်မှုဟာ အကြမ်းဖက်မှုနဲ့ဖြစ်ဖြစ်၊ နိုင်ငံရေးနောက်ခံ အကြောင်းရင်းကြောင့်ဖြစ်ဖြစ် လုပ်ဆောင်ခဲ့တာလို့ ယူဆစရာ အထောက်အထားမျိုး မတွေ့ရသေးဘူးလို့ ပြောပါတယ်။
ဇူလိုင် ၉ ရက် မွန်းတည့်ခါနီးအချိန်မှာ ရဲတပ်ဖွဲ့ကို ဝစ်ဒီကုမ်းမ်ရဲ့ နေအိမ်ဆီ လှမ်းခေါ်ခဲ့ကြလို့ သွားရောက် စစ်ဆေးရာကနေ သူ သေဆုံးနေတာကို စတင်တွေ့ရှိခဲ့တာဖြစ်ပြီး၊ လက်ရှိအချိန်အထိတော့ အဲဒီအိမ်မှာ မှုခင်းဆရာဝန်တွေ ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် ကီယာစတာမာက ဝစ်ဒီကုမ်းမ်ဟာ နှစ်ပေါင်းများစွာအတွင်း အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ ထူးချွန်ထက်မြက်တဲ့ နိုင်ငံရေးသမားတယောက်ဖြစ်တယ်လို့ ဂုဏ်ပြုစကား ဆိုခဲ့သလို၊ အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ကယ်မီဘေဒီနော့ခ် ကလည်း ဒါဟာ “ကြောက်မက်ဖွယ်ကောင်းပြီး ဆိုးရွားလှတဲ့ တိုက်ခိုက်မှု” ဖြစ်တယ်လို့ ရှုတ်ချလိုက်ပါတယ်။
ဝစ်ဒီကုမ်းမ်ဟာ သူ့ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်တဲ့ ပျော်ပျော်နေတတ်ပြီး သတ္တိရှိတဲ့ အမျိုးသမီးတယောက် ဖြစ်ကြောင်း ပြောကာဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြပါတယ်။
ဝစ်ဒီကုမ်းမ်ဟာ ဝန်ကြီးချုပ်ဟောင်း ဂျွန်မေဂျာ အစိုးရလက်ထက်မှာ လက်ထောက်ဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့ဖူးသလို၊ နောက်ပိုင်းမှာ နိုင်ဂျယ်ဖာရက်ဂျ်ရဲ့ Reform UK ပါတီမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ တရားမျှတမှုဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆောင်ရွက်ခဲ့တဲ့ ရှေးရိုးစွဲဝါဒီ နိုင်ငံရေးသမားတယောက် ဖြစ်ပါတယ်။
Source: Reuters










