
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အောင်သပြေကုန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ၃ ယောက် သေဆုံးတယ်လို့ ဝရဇိန်တပ်ဖွဲ့က ဇူလိုင် ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၈ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီစစ်ကြောင်းကို ဝရဇိန်တပ်ဖွဲ့နဲ့ သံတောင်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဝရဇိန်အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက “တောင်ငူ လေးမိုင်ဘက်ကနေ စစ်ကြောင်းထိုးတာ၊ ထိတွေ့တိုက်ပွဲပါ။ စစ်ကောင်စီ အလောင်းတွေ ပြန်ကောက်သွားတယ်။ မေလကတည်းက စစ်ကြောင်းထိုးနေတာ၊ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၃ ယောက်သေဆုံးပြီး အလောင်းတွေ ပြန်ကောက်သွားပြီးတဲ့နောက် စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂၈ ရက်နေ့မှာလည်း တောင်ငူ-လိပ်သို လမ်းမကြီးရဲ့ လမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဝရဇိန်အဖွဲ့က ပြောပါတယ်။
တောင်ငူ-လိပ်သိုလမ်းတလျှောက်ကို စစ်ကောင်စီတပ်က အင်အားဖြည့်နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မေနဲ့ ဇွန်လတွေမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်အရ သိရပါတယ်။