
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့က ရဲတပ်ဖွဲ့ဝင်တယောက် ဇူလိုင် ၁ ရက်က မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်းဆီကို လာရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။
မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ဆီ လာရောက်ပူးပေါင်းသူက နွားထိုးကြီးမြို့မှာရှိတဲ့ မြို့မရဲစခန်းကနေ တရုတ်ဂက်(စ်)ပိုက်လိုင်းက ဂိတ်တခုမှာ တာဝန်ကျနေတဲ့ ရဲတပ်ကြပ်တယောက် ဖြစ်ပါတယ်” လို့ ပြောပါတယ်။
မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်းမှာ လာရောက်ပူးပေါင်းသူဟာ ရဲတပ်ကြပ် ကိုဝင်းခိုင် (လ/၂၂၂၇၉၀) ဆိုသူဖြစ်ပြီး လက်နက်ခဲယမ်းတွေတော့ ယူဆောင်မလာနိုင်ဘူးလို့လည်း ဆိုပါတယ်။
မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း တာဝန်ခံ ကိုလင်းလတ်က “သူက ကျနော်တို့ဆီကို ကြိုတင်ချိတ်ဆက်ထားတာ မရှိဘဲနဲ့ သူကိုယ်တိုင် သူ့စခန်းကနေ ထွက်ပြေးလာပြီးတော့ ကျနော်တို့ရဲဘော်တွေရှိတဲ့ ဂိတ်စခန်းအထိ လာရောက်ခဲ့သူပါ။ အထက်ကနေ အဓမ္မစေခိုင်းတဲ့ အလုပ်တွေကို မလုပ်ချင်တော့လို့ အခုလို ပူးပေါင်းရတာလို့ ပြောတယ်။ သူ့ဆန္ဒက မိသားစုနဲ့အတူ နေထိုင်ချင်တယ်ဆိုလို့ အဲဒီအတွက်လည်း အလေးပေး ဆောင်ရွက်ပေးနေပါတယ်” လို့ DVB ကို ပြောပါတယ်။
ရဲတပ်ကြပ် ကိုဝင်းခိုင်ကို လောလောဆယ်မှာတော့ လုံခြုံစိတ်ချရတဲ့ နေရာတခုမှာ လွတ်လွတ်လပ်လပ် ထားပေးထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
တော်လှန်ရေးစတင်ချိန်ကနေ အခုချိန်အထိ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်းကို လာရောက်ပူးပေါင်းသူတွေဟာ ရဲတပ်ကြပ် ကိုဝင်းခိုင် အပါအဝင် ၂ ယောက်ရှိနေပြီး ထပ်မံအလင်းဝင်ရောက်လိုသူတွေကိုလည်း အချိန်မရွေး ကြိုဆိုနေတယ်လို့ သိရပါတယ်။