DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်တွင် စစ်တပ်စခန်း ၁ ခုကို PDF သိမ်းပိုက်၊ စစ်သား ၆ ဦးသေပြီး ၁ ဦး အရှင်မိ
DVB
·
July 9, 2025
ကလေးမြို့နယ်တွင် စစ်တပ်စခန်း ၁ ခုကို PDF သိမ်းပိုက်၊ စစ်သား ၆ ဦးသေပြီး ၁ ဦး အရှင်မိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတခုကို ဇူလိုင် ၅ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက် သေဆုံးကာ အရှင်ဖမ်းမိခဲ့သူ တယောက်ရှိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇူလိုင် ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကလေးမြို့နယ်ထဲက နှောညောင်ပင်ရွာမှာ အခိုင်အမာဆောက်ထားတဲ့ စစ်တပ်အထိုင်စခန်းကို ကျနော်တို့အဖွဲ့က အဓိက ဦးဆောင်ပြီးတော့ ​ရပ်ကျေး ပကဖ ရဲဘော်တွေနဲ့ RAW (Kalay) ဆေးတပ်ဖွဲ့ဝင်တွေ ပူပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ကြတာပါ” လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်းကနေ BA100 ၆၀ မမ စိန်ပြောင်း ၁ လက်၊ ကာဘိုင်သေနတ် ၄ လက်၊ BA 63 (G3) သေနတ် ၂ လက်၊ ၆၀ မမ ဗုံးသီး ၁၂ လုံး၊ MG1 လက်ပစ်ဗုံး ၂ လုံး၊ လက်နက်ငယ် ကျည်မျိုးစုံ ၁,၇၀၀ ကျော်၊ ကျည်ဘောက် ၁၈ ဘောက်နဲ့ စကားပြောစက် ၂ လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုစစ်ငြိမ်းအောင်က “ဒေသအခေါ်ကတော့ ကံပုလဲအရှေ့ရွာလို့ ခေါ်တဲ့ နှောညောင်ပင်ရွာနားက စစ်တပ် အထိုင်စခန်းမှာက အင်အား ၃၀ လောက်ပဲရှိတာ။ စခန်းသိမ်းတိုက်ပွဲစချိန်က အဲဒီနေ့ မနက် ၁ နာရီကစတာ။ ကြာချိန် ၁ နာရီလောက်မှာပဲ စခန်းသိမ်းနိုင်ခဲ့တယ်။ စခန်းထဲဝင်စစ်ကြတော့ ရန်သူ့အလောင်း ၆ လောင်းတွေ့တယ်။ ကျန်တဲ့ကောင်တွေကတော့ စခန်းစွန့်ပြီး ထွက်ပြေးကုန်ကြတယ်။ ကျန်နေတဲ့ တယောက်ကိုတော့ အရှင်ဖမ်းမိခဲ့ပြီးတော့ ကလေး ဒကစဘက်က သူတို့စစ်ကူတွေလာ​တဲ့သတင်း ဝင်လာတာနဲ့ လက်နက်ခဲယမ်းတွေကို ခပ်မြန်မြန်သိမ်းပြီး ပြန်ဆုတ်လာကြတာ။ ဒါတောင် လက်နက်တချို့ကို မသယ်နိုင်တော့လို့ ထားခဲ့ရတာတွေ ရှိခဲ့သေးတယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေး​တပ်ဖွဲ့တွေဘက်က တပ်ဖွဲ့ဝင် ရဲဘော်တယောက်လည်း မစိုးရိမ်ရတဲ့ဒဏ်ရာ ရခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်တပ်ဟာ အရပ်သားအစိုးရဆီကနေ အာဏာသိမ်းပြီးနောက်ပိုင်း အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ နှောညောင်ပင်ကျေးရွာကို အခြေပြုကာ အဆိုပါ စစ်တပ်အထိုင်စခန်း တည်ဆော​က်ထားပြီး အဲဒီစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်း နှောညောင်ပင်ကျေးရွာ အပါအဝင် အနီးအနား ကျေးရွာတွေကို မကြာခဏ ဝင်ရောက်စီးနင်းပြီး ရိက္ခာစုဆောင်းတာတွေအပြင် အဖိုးတန်ပစ္စည်း ခိုးယူတာတွေ ပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ ဆင်းရဲဒုက္ခရောက်ခဲ့ကြရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013