
အမေရိကန်ပြည်ထောင်စုဟာ စစ်ဘေးဒဏ်ခံနေရတဲ့ ယူကရိန်းနိုင်ငံကို ရုရှားရဲ့ အရှိန်အဟုန်မြှင့် ချီတက် တိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ရေးအတွက် အဓိကအားဖြင့် ကာကွယ်ရေးဆိုင်ရာ လက်နက်တွေကို ထပ်မံပေးပို့သွားမယ်လို့ ဇူလိုင် ၇ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။
“ကျနော်တို့ နောက်ထပ်လက်နက်တွေ ထပ်ပို့တော့မယ်။ သူတို့ကိုယ်သူတို့ ခုခံကာကွယ်နိုင်ရမယ်” လို့ သမ္မတ ထရမ့်ပ်က အိမ်ဖြူတော်မှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ ညစာစားပွဲ အစပိုင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။
“သူတို့က အခု အရမ်းဒုက္ခရောက်နေလို့ လက်နက်တွေ အဓိကအားဖြင့်တော့ ကာကွယ်ရေးလက်နက်တွေ များများပို့ပေးရမှာပေါ့။”
ကိယက်ဗ်ကို လက်နက်တချို့တင်ပို့မှု ရပ်ဆိုင်းဖို့ ဝါရှင်တန်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်မြေပြင်ချီတက်မှုကို ယူကရိန်းက ကာကွယ်နိုင်စွမ်းကို ထိခိုက်စေနိုင်ကြောင်း သတိပေးခဲ့ကြပြီး တချိန်တည်းမှာပဲ ဒီမိုကရက်တွေနဲ့ ထရမ့်ပ်ရဲ့ လုပ်ဖော်ကိုင်ဖက် ရီပတ်ဘလီကန် တချို့ဆီက ဝေဖန်မှုတွေ ထွက်လာခဲ့ပါတယ်။
ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ ဆက်လက်ကြိုးပမ်းနေချိန်မှာပဲ ယူကရိန်းနိုင်ငံသားတွေ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်စေဖို့ ထရမ့်ပ်ရဲ့ ညွှန်ကြားချက်အရ ယူကရိန်းကို နောက်ထပ် ကာကွယ်ရေးလက်နက်တွေ ပေးပို့မှာဖြစ်ကြောင်း နောက်ပိုင်းမှာ အမေရိကန် ကာကွယ်ရေးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်ကလည်း ကမ္ဘာတဝန်းရှိ စစ်ရေးပစ္စည်းပို့ဆောင်မှုတွေကို တိုင်းတာ အကဲဖြတ်တဲ့ သူ့ရဲ့အစီအစဉ်ကိုလည်း ဆက်ပြီး အသက်ဝင်အောင် ထိန်းသိမ်းထားကြောင်း ပြောပါတယ်။
ဇူလိုင် ၄ ရက်မှာ ထရမ့်ပ်က ယူကရိန်းဟာ သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် ပက်ထရီယော့ထ် ဒုံးကျည်တွေ လိုအပ်နေတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပေမဲ့ တနင်္လာနေ့မှာတော့ အတိအကျ ထပ်ပြီး မပြောခဲ့ပါဘူး။
ပင်တဂွန် စစ်ဌာနချုပ်ကလည်း ယူကရိန်းကိုတင်ပို့မယ့် လက်နက်တွေနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။
ယူကရိန်းဟာ ရုရှားလေကြောင်းတိုက်ခိုက်မှုတွေ ပြင်းထန်လာမှုကနေ သူ့ရဲ့မြို့တွေကို ကာကွယ်ဖို့အတွက် အဓိကကျတဲ့အရာလို့ မြင်ထားတဲ့ ပက်ထရီယော့ထ် ဒုံးကျည်တွေနဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေကို ရောင်းချဖို့ ဝါရှင်တန်ကို တောင်းဆိုထားတာပါ။
ဂျာမနီအစိုးရကတော့ ယူကရိန်းအတွက် ပက်ထရီယော့ထ် လေကြောင်းကာကွယ်ရေးစနစ်တွေ ဝယ်ယူနိုင်ရေး ဆွေးနွေးဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။
Source: Reuters