
ထားဝယ်ခရိုင်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီရဲ့ သုခစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။
ဇူလိုင် ၇ ရက် မနက်ပိုင်းက KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သုခစခန်းကို သိမ်းပိုက်နိုင်ခဲ့တာပါ။
KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက “အဲဒီစခန်းကို ကျနော်တို့ ၆ လပိုင်း လကုန်လောက်ကတည်းက စချဉ်းကပ်တယ်။ ၇ လပိုင်း ၇ ရက်နေ့မှာ စတိုက်ပြီး မနက်ပိုင်းအတွင်းမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။ ထိုင်းဘက်ကို စကစတပ်သား ၂၄ ယောက် ထွက်ပြေးသွားတယ်” လို့ ပြောပါတယ်။
အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုကို နယ်မြေမရှင်းလင်းသေးတာကြောင့် အတိအကျ မသိရသေးဘူးလို့ ပဒိုစောအယ်နားက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ ထီးထစခန်း၊ ထီးခီးစခန်း၊ ဗောဓိစခန်းတွေကို KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၃ လအတွင်းမှာ သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်ရှိ သုခစခန်းကို မြန်မာစစ်တပ်က ၁၉၉၇ ခုနစ်မှာ စတင်ဝင်ရောက် တပ်စွဲခဲ့တာ ဖြစ်ပါတယ်။