DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ
DVB
·
July 8, 2025
ဧရာဝတီတိုင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ
Donate to DVB

ဧရာဝတီတိုင်းထဲက ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်နဲ့ အင်္ဂပူမြို့နယ်တွေထဲက တော်လှန်ရေးတပ်တွေ ရှိမယ်ထင်တဲ့ နေရာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ရိုးမတောင်ခြေနားတဝိုက်နဲ့ ပုသိမ်-မုံရွာလမ်းဘေး ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကို ပစ်ခတ်နေကာ ဒီမတိုင်ခင် ဇွန်လနောက်ဆုံးပတ်တုန်းကလည်း ရိုးမတောင်ပေါ်က စာဥစမ်းကျေးရွာ ဝန်းကျင်ကနေ ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

အင်္ဂပူမြို့နယ်နေ အမျိုးသားတယောက်က “အသံကတော့ အကျယ်ကြီး ကြားနေရတာပဲ။ ကျိန်းသေတာတော့ ကွင်းကောက်ဘက်ကို မရောက်သေးဘူး။ ပြီးခဲ့တဲ့ရက်ကတော့ ဖြစ်တယ်၊ အခု‌တော့ အဲလောက်မဖြစ်ပြန်ဘူး။ ထဖြစ်ရင် ဖြစ်လိုက်၊ ပြီးတော့ ငြိမ်သွားလိုက် အဲလိုမျိုး။ အခုဆို ပစ်တော့ပစ်နေတယ်။ ဒါပေမဲ့ အဲဒီပစ်နေတဲ့ဟာက ခါတိုင်းလည်း ဒီလိုပဲပစ်တာ။ ပြီးခဲ့တဲ့ရက်က တော်တော်ပစ်တာ။ အခု ပုံမှန် ပြန်ဖြစ်သွားတာပေါ့ ဒါပဲရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ သူတို့တပ်စွဲထားရာ နေရာတွေအပြင် အမတ ၃၄၄၊ ကွင်းကောက်အခြေစိုက် အမှတ် ၅ လေ့ကျင့်ရေးကျောင်းတွေကနေ ပစ်ခတ်နေတာဖြစ်ပြီး ပုသိမ်-မုံရွာလမ်း၊ အင်္ဂပူ-ရေကြည် လမ်းပိုင်းကိုလည်း သွားလာခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။

ရေကြည်ဒေသခံတယောက်ကလည်း လက်နက်ကြီးပစ်ခတ်သံတွေကို ကြားနေရကြောင်း အတည်ပြုပေမဲ့ ဘယ်နေရာတွေကို ပစ်ခတ်နေတယ်ဆိုတာ မသိရကြောင်း ပြောပါတယ်။ ဒါပေမဲ့ အမတ ၃၄၄ ထဲကို စစ်အင်အားတွေ ဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။

ရေကြည်မြို့နယ်နေ အသက် ၃၀ အရွယ် ဒေသခံတယောက်က “ဇူလိုင် ၅ ရက်နေ့တုန်းကပေါ့၊ ၁၂ ဘီးကားနဲ့ ၁၀၀ ပတ်ချာလည်လောက်ရှိမယ်။ ကျနော်တို့ မလာခင် ပို့ရင်လည်း ပို့ထားမှာပေါ့။ ကျနော်တို့နဲ့ တွေ့တာတောင် တစီးမှာ လူတွေတင်လာတာ သေနတ်တွေနဲ့ပေါ့၊ လမ်းမှာ ၃၄၄ ဘက်ကို ဖြတ်မောင်းသွားတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲက ရေကြည်၊ လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်တွေထဲမှာ အာရက္ခတပ်တော် (AA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီက လေယာဉ်၊ လက်နက်ကြီး၊ စက်တပ်လေထီး (Paramotor) နဲ့ ဒရုန်းတွေကို အသုံးပြုလေ့ ရှိပါတယ်။

မေ ၁၅ ရက်ကနေ ဇွန် ၃၀ ရက်အထိ ၄၅ ရက်အတွင်း ဧရာဝတီတိုင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့နယ်တို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ၁၀ နှစ်အရွယ်ကလေး အပါအဝင် အရပ်သား ၁၀ ယောက် သေဆုံးခဲ့ပြီး အယောက် ၂၀ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AYA PDF အမှတ် ၂၉ ဗျူဟာက ထုတ်ပြန်ထားပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013