
ပြီးခဲ့တဲ့ ဇွန်လ နှောင်းပိုင်းက အခေါက်ရွှေ ၁ ကျပ်သားကို ကျပ်ငွေ ၈၁ သိန်း ဝန်းကျင်အထိ မြင့်တက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဇူလိုင် ၇ ရက်မှာ ကျပ် ၇၈ သိန်းဝန်းကျင်အထိ ပြန်လည်ကျ ဆင်းလာတယ်လို့ ရွှေဈေးကွက်အတွင်းက သိရပါတယ်။
ပြည်တွင်းမှာ အမေရိကန် ဒေါ်လာငွေလဲလှယ်နှုန်းနဲ့အတူ ကမ္ဘာ့ရွှေဈေးနှုန်း ပြန်ကျလာတာကြောင့် ဖြစ်တယ်လို့ ရွှေဈေးကွက် လေ့လာသူ တယောက်က ပြောပါတယ်။
“ကမ္ဘာ့ရွှေဈေးပေါ်မှာမူတည်ပြီး ပြည်တွင်းရွှေဈေးက အပြောင်းအလဲဖြစ်လာတာပါ။ ဒီနေ့ကမ္ဘာ့ရွှေဈေးက အနိမ့်ဆုံး ၃၃၀၀ ဒောာက်ထိ ဆင်းခဲ့တယ်။ ဒေါ်လာဈေးကလည်း အကျဘက်ရောက်နေတယ်။”
ကမ္ဘာ့ရွှေဈေးဟာလည်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အမြင့်ဆုံးဈေး တအောင်စကို အမေရိကန်ဒေါ်လာ ၃၃၄၀ အထက်အထိ ရောက်ခဲ့ပြီး ဇူလိုင် ၇ ရက်မှာ တအောင်စကို ၃၃၀၀ ဒေါ်လာ အောက်အထိ ပြန်ကျဆင်းသွားပါတယ်။
အမေရိကန် ဒေါ်လာငွေလဲနှုန်းအနေနဲ့လည်း ဇွန်လ နှောင်းပိုင်းမှာ တဒေါ်လာကို မြန်မာကျပ်ငွေ ၄၆၂၀ အထိ မြင့်တက်ခဲ့ပြီး လက်ရှိမှာ ၄၄၉၀ ကျပ်ကို ပြန်လည် ကျဆင်းခဲ့ပါတယ်။ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကတော့ ဇူလိုင် ၇ရက်မှာ အခေါက်ရွှေ တကျပ်သားကို ၅,၈၉၀,၀၀၀ ကျပ်နဲ့ အရောင်းအဝယ်လုပ်ကြဖို့ သတ်မှတ်ရည်ညွှန်းဈေးထုတ်ပြန်ပါတယ်။