
မြန်မာပြည်တွင်းဈေးကွက်မှာ ဧပြီလကုန်ပိုင်းကစပြီး စက်သုံးဆီဈေးတွေ ၂ ပတ်ဆက်တိုက် ဈေးပြန်လည် ကျဆင်းလာတယ်လို့ စက်သုံးဆီဆိုင်တွေထံက သိရပါတယ်။
ရန်ကုန်တိုင်းအတွက် မေ ၁ ရက် ဒီနေ့ သတ်မှတ်တဲ့ ရည်ညွှန်းဈေးနဲ့ ဧပြီ တတိယပတ်က ရှိခဲ့တဲ့ ရည်ညွှန်းဈေးနှုန်းတွေကို နှိုင်းယှဉ်ကြည့်ရင် စက်သုံးဆီ အမျိုးအစားအလိုက် တလီတာကို အနည်းဆုံး ကျပ် ၂၂၀ ကနေ ၁၃၀၀ အထိ ကျဆင်းလာပါတယ်။ ရာခိုင်နှုန်းအနေနဲ့ဆိုရင် ၄ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်းအကြား ပြန်လည်ကျဆင်းလာခဲ့တာပါ။
အောက်တိန်း ၉၂ ဟာ ဧပြီ တတိယပတ်က တလီတာဈေး ၄,၇၃၅ ကျပ် ရှိခဲ့ရာကနေ ဒီနေ့မှာ ၄,၅၁၅ ကျပ်၊ အောက်တိန်း ၉၅ က ၄,၉၄၅ ကျပ် ကနေ ၄,၆၇၀ ကျပ်၊ ဒီဇယ်ဈေးနှုန်းက တလီတာကို ၆,၄၈၅ ကျပ် ကနေ ၅၃၇၅ ကျပ် အထိ ကျဆင်းလာပြီး ပရီမီယမ် ဒီဇယ် ဈေးနှုန်းက တလီတာကို ၇,၇၅၅ ကျပ် ကနေ ၆,၄၅၅ ကျပ် အထိ နှစ်ပတ်အတွင်းသိသိသာသာ ကျဆင်းလာတာကို တွေ့ရပါတယ်။
အခုလို ပြည်တွင်းလောင်စာဆီဈေးတွေ ပြန်လျော့ကျလာမှုက ကုန်တင်ယာဉ်နဲ့ ခရီးသည်တင် ယာဉ်ခတွေကို ကျဆင်းလာစေနိုင်ပြီး သယ်ယူစရိတ်ကျဆင်းပါက အခြေခံစားသောက်ကုန်ဈေးနှုန်း တွေပေါ်မှာလည်း သက်ရောက်မှုရှိလာစေမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ရေနံဈေးကွက်ရဲ့ မရေရာမှုတွေကြောင့် ပြည်တွင်းလောင်စာဆီဈေးဟာ ဆက်လက် စောင့်ကြည့်ရမဲ့ အနေအထားသာ ဖြစ်တယ်လို့ စီးပွားရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
ကမ္ဘာ့ဈေးကွက်မှာတော့ မကြာသေးမီက ဘရန့်ရေနံစိမ်းဈေးနှုန်းဟာ တစည်ကို ၁၂၀ ဒေါ်လာ အထက်အထိ စံချိန်တင် မြင့်တက်ခဲ့ပေမဲ့ လက်ရှိမှာတော့ ၁၁၁ ဒေါ်လာ အထက်မှာပဲ ဆက်ရှိ နေပါတယ်။
လက်ရှိ ပြည်တွင်းမှာတော့ စက်သုံးဆီကို QR Code စနစ်သုံးပြီး ယာဉ်ရဲ့ အင်ဂျင်ပါဝါ အမျိုးအစား အလိုက် သတ်မှတ်ထားတဲ့ဆီလီတာပမာဏကိုသာ ခွဲတမ်းနဲ့ ရောင်းချပေးနေပါတယ်။
တဖက်မှာလည်း မော်တော်ယာဉ်တွေကို စုံမ ခွဲပြီး စုံရက်၊ မရက်တွေမှာသာ မောင်းနှင်စေတဲ့ စနစ်ကို ဆက်လက်ကျင့်သုံးနေဆဲလည်း ဖြစ်ပါတယ်။










