
ပြည်တွင်းစက်သုံးဆီစျေးနှုန်းတွေကို စစ်ကောင်စီက ထပ်မံလျှော့ချလိုက်ပြီး သီတင်းပတ် ၂ ပတ်အတွင်း တလီတာကို အများဆုံး ကျပ် ၂၀၀ လောက်အထိ ဈေးကျလာပါတယ်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ ဈေးနှုန်း ထုတ်ပြန်ချက်အရ ရန်ကုန်မြို့အတွက် ရည်ညွှန်းလက်ကားဈေးဟာ ဓာတ်ဆီ 92 တလီတာကို ကျပ် ၂,၇၅၀၊ ဓာတ်ဆီ 95 တလီတာကို ၂,၈၀၅ ကျပ်၊ ဒီဇယ်ဆီ တလီတာကို ကျပ် ၂,၃၂၀ နဲ့ ပရီမီယံဒီဇယ်ဆီက ၂,၈၅၅ ကျပ် ရှိပါတယ်။
သီတင်းပတ် ၂ ပတ်အတွင်း ဓာတ်ဆီတလီတာကို ၁၃၅ ကျပ်၊ ဒီဇယ် တလီတာကို ကျပ် ၁၅၀ နဲ့ ပရီမီယံဒီဇယ် တလီတာကို ကျပ် ၂၀၀ အထိ အသီးသီး ပြန်ကျဆင်းလာတာ တွေ့ရပါတယ်။
ပို့ကုန်ရငွေရှိမှသာ စက်သုံးဆီတင်သွင်းရမယ့် မူဝါဒကို စစ်ကောင်စီက ချမှတ်ထားပြီး စက်သုံးဆီ တင်သွင်းဖို့အတွက် လိုအပ်တဲ့ နိုင်ငံခြားငွေတွေကို ထုတ်ရောင်းချပေးမယ်လို့လည်း စကစ ဗဟိုဘဏ်က မကြာခဏ ကြေညာချက် ထုတ်လေ့ရှိပါတယ်။
မေ ၁၃ ရက်ကလည်း စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် FX Trading Platform ကတဆင့် အမေရိကန်ဒေါ်လာ ၂၃ သန်းကျော်နဲ့ ထိုင်းဘတ် သန်း ၅၀ ကို ထုတ်ရောင်းချပေးမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ကြေညာခဲ့ပါတယ်။
မြန်မာပြည်တွင်း စက်သုံးဆီဈေးတွေက စစ်တပ် အာဏာမသိမ်းခင်က ဈေးဖြစ်တဲ့ တလီတာကို ကျပ် ၆၀၀ ဝန်းကျင်နဲ့ နှိုင်းယှဉ်ရင် ၄ ဆကျော် ဈေးနှုန်းမြင့်တက်နေဆဲဖြစ်ပြီး စက်သုံးဆီဈေးနဲ့အတူ အထွေထွေကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေဆဲပဲ ဖြစ်ပါတယ်။