
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ စစ်ကောင်စီတပ်က ကုန်တင်ယာဉ်တွေကို ဖမ်းဆီးငွေညှစ်နေတဲ့အပြင် နွားတင်ကားတွေကိုလည်း ဖမ်းဆီးပြီး ယာဉ်မောင်းတွေကို ထောင်ချလိုက်တယ်လို့ ထောင်ချခံရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
လားရှိုးမြို့ကို ပြန်လည်အုပ်ချုပ်နေပြီဖြစ်တဲ့ စစ်ကောင်စီဟာ လားရှိုးမြို့ အဝင်အထွက်နေရာ၊ နမ္မတူမီးပွိုင့်၊ တိုင်းလမ်းဆုံ၊ လားရှိုးကြီးမီးပွိုင့်နဲ့ အေတီတံတားတွေမှာ ကုန်တင်ယာဉ်တွေနဲ့ နွားတင်ကားတွေကို တားဆီး ဖမ်းဆီးနေတာလို့ ဆိုပါတယ်။
လားရှိုးမြို့နဲ့ သိန္နီမြို့အထွက်ဖြစ်တဲ့ အေတီတံတားမှာလည်း စစ်ကောင်စီတပ်တွေ ပြန်ဝင်လာတဲ့ ဧပြီလ နောက်ဆုံးအပတ်ကစပြီး ကုန်ကားတစီးကို ငွေကျပ် ၁၅ သိန်းနဲ့အထက် တောင်းယူနေတယ်လို့ ကုန်တင်ကားသမားတယောက်က ပြောပါတယ်။
“ကျနော့်ကားကို ရပ်ခိုင်းတယ်။ ပြီးတော့ ၁၅ သိန်းတောင်းတယ်။ ကားသမားတွေ ကုန်သည်တွေဆိုတာ လုပ်စားရတဲ့ခေတ် မဟုတ်တော့ဘူး။ လုပ်ကျွေးရတဲ့ခေတ် ဖြစ်သွားပြီ။ MNDAA တုန်းက အခုလိုမျိုး ဖမ်းတာတော့ မရှိဘူး။ ဒီလိုပဲ နွားကားတွေကော ကုန်တင်ကားတွေပါ သွားနေတာ မြင်နေတာပဲလေ။ အိမ်စီးကားတွေတော့ တောင်းတဲ့အခါ တောင်းတယ်၊ ၂ သိန်းလောက် ပေးရတယ်။ ငွေတောင်းနေတာ စစ်တပ်ပါတယ်၊ ရဲပါတယ်၊ ယာဉ်ထိန်းရဲပါတယ်။”
အဲဒီအပြင် စစ်ကောင်စီက နွားတင်ကား ၃ စီးကို ဧပြီလအတွင်း ဖမ်းဆီးခဲ့ပြီး ယာဉ်မောင်းတွေကို ပြီးခဲ့တဲ့ ဇူလိုင်လ အစမှာ ထောင် ၆ လစီ ချလိုက်တယ်လို့ ဆိုပါတယ်။
MNDAA သိမ်းပိုက်ထားချိန်ကာလက နွားတင်ကားတွေဟာ ငွေပေးသွားလာနိုင်ပြီး ၁၀၂၇ မဖြစ်ခင်ကလည်း စစ်ကောင်စီက နွားတင်သွင်းဖို့ ပါမစ်ရှိသူတွေကို လမ်းမှာ စစ်ဆေးပြီး ငွေတောင်းတာတွေ ရှိတယ်လို့ ဆိုပါတယ်။
ထောင်ချခံရတဲ့ နွားတင်ကားမောင်းသမားနဲ့ နီးစပ်သူတယောက်က “နွားတင်ကားကို မောင်းရင်းနဲ့ အုံနာက မိုင်းကိုင်ဘက်ကလို့ ပြောတယ်။ အဲဒီမှာ လားရှိုးမှာရောက်လာတော့ နွားတင်ထားတဲ့ကားကို ဖမ်းမိတာ။ ဖမ်းမိတော့ သူတို့ အုံနာက လိုက်မလာဘူးပေါ့။ အဲဒါနဲ့ ၂ လကျော်သွားတယ်။ ပြီးခဲ့တဲ့ ၄ ရက်လောက်မှာ နွားကားတွေ ဖမ်းမိတဲ့ဟာ တယောက်ကို ၆ လ ချလိုက်တယ်လို့ ပြောတယ်။ လားရှိုးမြို့ထဲမှာပဲ ဖမ်းမိတာ။ လားရှိုးမြို့ပြင်မှာက ကိုးကန့်တွေ နေတာလေ။ MNDAA ကွင်းလမ်းကသွားရင် လွတ်တယ်။ အခု ကားသမားက ကွင်းလမ်းကို မသိဘဲ ဝင်လာတာ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီဟာ လားရှိုးမြို့ကို ပြန်လည်အုပ်ချုပ်နိုင်ဖို့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဖြည့်တင်းနေတဲ့အပြင် တပ်ရင်းတွေကိုလည်း မိုင်းရယ်ဘက်ကနေ လူအင်အား ဖြည့်တင်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ MNDAA က မဟာမိတ်တပ်တွေနဲ့ပေါင်းပြီး လားရှိုးမြို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပေမဲ့ တရုတ်ရဲ့ ဖိအားပေးမှုတွေကြောင့် ဧပြီ ၂၁ ရက်မှာ မြို့ကနေ ပြန်ဆုတ်ခွာပေးလိုက်ရပြီး စစ်ကောင်စီက လားရှိုးမြို့တွင်းကို ပြန်ဝင်လာနိုင်တာ ဖြစ်ပါတယ်။
လင်းအိမ်