Home
မြန်မာသတင်း
မြို့သာ-ဆီမီးခုံလမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဝန်းကျင်သေဆုံး
DVB
·
July 7, 2025

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြို့သာ-ဆီမီးခုံလမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား  အယောက် ၃၀ ဝန်းကျင် သေဆုံးခဲ့ပြီး ၄ ယောက် အရှင်ဖမ်းမိကာ စစ်ရေးဆက်လက်တင်းမာနေတယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၇ ဇီးရိုးတပ်ဖွဲ့က ပြောပါတယ်။

ဇူလိုင် ၃ ရက် မနက်အစောပိုင်းက မြို့သာ-ဆီမီးခုံလမ်း၊ ငါန်းဇွန်နဲ့ မြို့သာအကြား မြင်းခြံခရိုင်ဘက်ခြမ်း တနေရာမှာ စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းမှူး အပါအဝင် စစ်သား ၃၀ ဝန်းကျင် သေဆုံးခဲ့ပြီး သေနတ် ၄ လက်၊ ကျည် ၂,၀၀၀ ကျော်နဲ့ ကား ၂ စီး သိမ်းဆည်းရမိတဲ့အပြင် အရာခံဗိုလ်တယောက် အပါအဝင် စစ်သား ၄ ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၇ ဇီးရိုးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာကနေ အင်အား ၁၄၀ ကျော်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြင်းခြံခရိုင် စမြိတ်ခုံ၊ ငမြာနဲ့ ဆုံရွာ-ကွေ့ကြီး ပျူရွာတွေကို ရိက္ခာနဲ့ အင်အားဖြည့်ဖို့ ဇွန် ၃၀ ရက်မှာ မြို့သာ-ငါန်းဇွန်လမ်းအတိုင်း ပြင်ဆင်ထွက်ခွာလာခဲ့တာပါ။

ဗိုလ်ဇီးရိုးက “၃၀ ဝန်းကျင်လောက်သေတယ်လို့ အတိအကျ ပြောနိုင်ပါတယ်။ အရှင်ကတော့ ၄ ယောက် မိတာပေါ့။ တယောက်ကတော့ စစ်မှုထမ်းဥပဒေနဲ့ ပါလာတဲ့ ရဲဘော်ပေါ့နော်၊ ကျနော်တို့က ဘက်ပြောင်းခိုလှုံအနေနဲ့ ဒီကလေးကိုတော့ သေချာဂရုစိုက်ထားတယ်။ ကျန်တဲ့ ၃ ယောက်ထဲက တယောက်ကတော့ ဖမ်းဆီးလာတဲ့အချိန်မှာပဲ ရဲဘော်တယောက်ရဲ့ လက်နက်ကို လာလုတဲ့ပုံစံ ဖြစ်တာနဲ့ သူ့ကိုတော့ မလွှဲမရှောင်သာလို့ ပစ်ခတ်ရှင်းလင်းခဲ့ရတယ်ပေါ့နော်။ ၂ ယောက် ကျန်တယ်ပေါ့၊ ၂ ယောက်မှာ တယောက်က တပ်သားဖြစ်ပြီးတော့ တယောက်က အရာခံဗိုလ် ဖြစ်ပါတယ်။ ပြင်ဦးလွင်ကလို့ ကျနော်တို့သိရသလို ကျနော်တို့သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေထဲမှာလည်း တပ်ပေါင်းစုံပေါ့နော်၊ သံချပ်ကာပါတယ်။ ဆက်သွယ်ရေးပါတယ်။ လပခ ပါတယ်။ ရဲတွေပါတယ်ပေါ့နော်။ ဒီလို ဘက်တံဆိပ်ပေါင်းစုံနဲ့ သိမ်းဆည်းရမိတဲ့ ယူနီဖောင်းတွေ ခဲယမ်းတွေလည်း ပါပါတယ်” လို့ ပြောပါတယ်။

ဇူလိုင် ၃ ရက်နေ့ တိုက်ပွဲအပြီး ဇူလိုင် ၅ ရက်မှာ စစ်ကောင်စီက မြင်းခြံခရိုင်အတွင်းက ကျေးရွာတချို့ကို လေကြောင်းကနေ ခြိမ်းခြောက်တိုက်ခိုက်ခဲ့ပြီး မန္တလေး၊​ အမရပူရ၊ ရွှေကြက်ယက်ဆိပ်ကမ်းကနေ မြင်းခြံခရိုင်ဘက်ကို ဧရာဝတီမြစ်ရိုးအတိုင်း စစ်ရေယာဉ်တွေ စုန်ဆင်းပြီး အင်အားဖြည့်တင်းခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း ၂ မျိုးစလုံး သုံးနေပေမဲ့ မန္တလေးတိုင်း၊ မြို့နယ်တွေမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက မြေပြင်စစ်ရေးအသာစီးယူထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မတ္တရာ PDF မှ ဦးတိုးက “မြင်းခြံရဲ့မြောက်ဘက် နဘူးအိုင်နဲ့ စမြိတ်ခုံလမ်းပေါ်မှာ ကျောက်တိုင်ရွာ ဆိုတာရှိတယ်၊ အိမ်ခြေကတော့ ၁၀၀ ဝန်းကျင်ပါပဲ။ မိတ္ထီလာတပ် ဂျက်ဖိုက်တာလို့လည်း ပြောတယ်၊ ကျောက်တိုင်ရွာရဲ့ အရှေ့အနောက်တောင်မြောက် ပတ်ချသွားတယ်ပေါ့ ၄ လုံး။ ကံကောင်းတာက အထိခိုက်သေဆုံး ဘာမှမရှိဘူး။ မန္တလေး၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ဆိပ်ကမ်းကနေပြီးတော့ စုန်ဆင်းသွားတာ အားလုံးပေါင်း ၁၈ စီး၊ ဖလက်ခွန်၊ သံခွန်၊ သင်္ဘောအစုံပေါ့၊ အရွယ်စုံပေ့ါ၊ မြင်းခြံအနောက်ခြမ်း ဆိတ်ညံရေဆိပ်ကို သွားကပ်ထားတယ်။ သပိတ်ကျင်းဘက်ကိုလည်း Y12 နဲ့ ဆော်သွားသေးတယ်။ နေ့လယ် ၁၂ နာရီကျော်လောက်မှာလည်း ဂျက်ဖိုက်တာနဲ့ ဆက်ချသွားသေးတယ်။ သပိတ်ကျင်းပဲ။ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ရှိတယ်။ ဒါပေမဲ့ အဲဒီမှာ တိုက်ပွဲဖြစ်နေတာရှိတယ် တွင်းငယ်ဘက်။ အမြဲတမ်း ဆက်တိုက်ကြီး ဖြစ်နေတာတော့ မဟုတ်ဘူး၊ ကြိုးကြားကြိုးကြားပေါ့၊ နောက်တခုက (--) တွေတင်ထားတဲ့ ၆ မိုင်ပါသွားတယ်ဆိုတဲ့ ကိစ္စ ပြန်ရပြီနော်၊ ကြာပြီ ၂ ရက် ၃ ရက်ရှိပြီ။ ဆိုတော့ သပိတ်ကျင်းလည်း အခြေအနေကောင်းတယ်” လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန်မှာ မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မြင်းခြံ၊ နွားထိုးကြီးမြို့နယ်တွေမှာ ဒေသကာကွယ်ရေးအဖွဲ့တွေက စစ်ကောင်စီအခြေစိုက် စခန်းအများအပြားကို သိမ်းယူနိုင်ခဲ့တာပါ။

တရုတ်အစိုးရရဲ့ ကြားဝင်မှုကြောင့် မြောက်ပိုင်းမဟာမိတ်တွေက ထိုးစစ်တွေ ရပ်ဆိုင်းထားခဲ့ပေမဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက ရထားတဲ့ စစ်ကောင်စီစခန်းတွေကို ပြန်လက်မလွှတ်ရဖို့ ကြိုးပမ်းနေကြပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024