
ထိုင်း-မြန်မာနယ်စပ်၊ တာချီလိတ်မြို့မှာ စစ်မှုထမ်း လူစားထိုးဖို့အတွက် နေအိမ်တအိမ်ကို ဘတ် ၂၀၀ ကနေ ဘတ် ၇၀၀ အထိ တောင်းတဲ့ တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်မင်းထွန်းကို ရပ်ကွက်နဲ့ ကျေးရွာနေသူတွေက တိုင်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်မှုထမ်း အပတ်စဥ် ၁ ကနေ အပတ်စဥ် ၁၄ အထိ တာချီလိတ်မြို့ပေါ်ရပ်ကွက် ၁၁ ရပ်ကွက်နဲ့ ကျေးရွာ ၇ ရွာကနေ လစဥ် နေအိမ်တအိမ်ကို ဘတ် ၂၀၀ ကနေ ဘတ် ၇၀၀ အထိ ဗိုလ်မှူးကြီးကျော်မင်းထွန်းက တောင်းခံခဲ့တာကြောင့် တိုင်ခံရတာလို့ မြို့ခံတယောက်က ပြောပါတယ်။
“ရပ်ကွက်တိုင်းလိုလို နည်းမျိုးစုံနဲ့ ကောက်ခံနေတာ။ ဘယ်ကကောက်ခိုင်းတာလဲ၊ မေးလိုက်ရင် ဗျူဟာမှူး အမိန့်ရလို့ ပြောပြီးကောက်တာ၊ တရပ်ကွက်ကို တလကို အနည်းဆုံး ဘတ် ၅ သိန်း အထက်မှာရတယ်။ မကျေနပ်ရင် တိုင်ဆိုလို့ လူထုကတိုင်တာ။”
စစ်မှုထမ်းကိစ္စအတွက် တောင်းတဲ့ငွေကို မပေးပါက ရပ်ကွက်အုပ်ချုပ်ရေးရုံးကို ခေါ်ရိုက်တာ နေအိမ်အထိ အုပ်စုဖွဲ့ လာတောင်းတာတွေကြောင့် ရပ်ကွက်နဲ့ ကျေးရွာတွေပေါင်းပြီး ဇူလိုင် ၃ ရက်က တိုင်ကြားခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။
“တာချီလိတ်မှာ စစ်မှုထမ်းကိစ္စ ဖြစ်ချင်တိုင်းဖြစ်နေတာ၊ စစ်မှုထမ်းကိစ္စတောင်းတဲ့ ငွေမပေးရင် ရုံးကိုခေါ်ရိုက်၊ အိမ်ပေါ်တက်ပြီး မရှိ ရှိတာယူ၊ အဲ့ကိစ္စမှာ မြို့နယ်စီမံဥက္ကဋ္ဌရော ဗျူဟာမှူးရော ပါနေတော့ ရိုက်တဲ့သူရော တောင်းတဲ့သူရောကို မတိုင်ရဲဘူး။ ဒါကြောင့် ဗျူဟာမှူးကိုတိုင်တာ။”
တာချီလိတ်စစ်ဗျူဟာ (အခြေချ) အဖွဲ့က ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်မင်းထွန်းကို မြို့ပေါ်ရပ်ကွက် ၁၁ ရပ်ကွက်နဲ့ ကျေးရွာ ၇ ရွာမှ ရပ်မိရပ်ဖ ၁၀ ယောက်က ဇူလိုင် ၃ ရက်မှာ ကာကွယ်ရေးဦးစီးချုပ်ရုံးကို လိပ်မူကာ တိုင်ကြားခဲ့တာလို့ သူက ဆက်ပြောပါတယ်။
စစ်မှုထမ်းကိစ္စမှာ လူစားထိုး ငွေကြေးတောင်းခံမှုရှိရင် တိုင်ကြားနိုင်ပြီး မှန်ကန်ပါက အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဇူလိုင် ၃ ရက်က ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောထားပါတယ်။