DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်လက်အောက်ခံ ရှမ်းနီတပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
DVB
·
July 7, 2025
စစ်ကောင်စီတပ်လက်အောက်ခံ ရှမ်းနီတပ်ဖွဲ့ဝင် ၁၇ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
Donate to DVB

စစ်ကောင်စီတပ် လက်အောက်ခံ ရှမ်းနီအမျိုးသားများတပ်တော် (SNA) က တပ်ဖွဲ့ဝင် ၁၇ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာကြလို့ ဇူလိုင် ၅ ရက်မှာ လက်နက်အပ်နှံတဲ့ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ​ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက “သူတို့ ၁၇ ယောက်စလုံး ရှမ်းနီတပ်ဖွဲ့ဝင်တွေပါ။ ဟုမ္မလင်းမြို့နယ်ထဲက တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ချိတ်ဆက် အလင်းဝင်လာခဲ့ကြတာပါ။ အလင်းဝင်လာကြတဲ့ နေ့ရက်တွေကတော့ တယောက်နဲ့တယောက် မတူကြပါဘူး” လို့ ပြောပါတယ်။

အဆိုပါ ရှမ်းနီတပ်ဖွဲ့ဝင်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ၊ ဟုမ္မလင်းမြို့နယ်ထဲမှာရှိကြတဲ့ ခန္တီးခရိုင် အမှတ် ၁၊ အမှတ် ၂၊ အမှတ် ၃၊ အမှတ် ၄ တပ်ရင်းနဲ့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ၃ ပကဖနဲ့ တိုက်နယ် ၅ ပကဖ တို့ဆီမှာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းနဲ့ အခု ဇူလိုင်လဆန်းပိုင်းတွေမှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့ကြတာလို့ ဆိုပါတယ်။

ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက “သူတို့ယူလာကြတဲ့ လက်နက်တွေ အပ်နှံတာနဲ့ ဆုကြေးငွေ ပေးအပ်တာကို ဟုမ္မလင်း ပအဖရဲ့ ပင်လုံခန်းမမှာ အခမ်းအနားနဲ့ ကြိုဆိုဂုဏ်ပြုပေးခဲ့ပါတယ်။ သက်ဆိုင်တဲ့ တော်လှန်ရေးတပ်ဖွဲ့က တာဝန်ရှိသူတွေအပြင် ပအဖဘက်က တာဝန်ခံတွေတင်မကဘဲ ဟုမ္မလင်းမြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့ စိုးမိုးနယ်မြေတွေက စီးပွားရေးလုပ်ငန်းရှင်တွေကပါ တက်ရောက်ပြီး ဆုကြေးငွေတွေ ပေးအပ်ခဲ့ကြပါတယ်” လို့ DVB ကို ပြောပါတယ်။

စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်နိုင်ဖို့အတွက် ကျန်နေကြသေးတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ SNA တပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း နီးစပ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီမှာ အမြန်ဆုံးဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံ အလင်းဝင်ရောက်ကြဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကလည်း ရှမ်းနီအမျိုးသားများတပ်တော် (SNA) က တပ်ဖွဲ့ဝင် ၉ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ​ဟုမ္မလင်းမြို့နယ်၊ တိုက်နယ် ၃ ပကဖ ဆီကို အလင်းဝင်ရောက် ခိုလှုံခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013