
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက အခုသီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ နောက်ဆုံး စကားပြောဆိုမှုဟာ သူ့အတွက် အကောင်းဆုံးနဲ့ အထိရောက်ဆုံး ဖြစ်တယ်လို့ ဇူလိုင် ၅ ရက်မှာ ပြောပါတယ်။
ဇလန်းစကီးက “ကျနော်တို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပြီး ကူညီဖို့ ဆန္ဒရှိတဲ့အတွက် ကျေးဇူးတင်ပါသည်။ ပက်ထရီရော့ဒ် ဒုံးခွင်းဒုံးစနစ်ဟာ ပဲ့ထိန်းဒုံးကျည် အန္တရာယ်တွေကို ကာကွယ်ဖို့ အဓိကသော့ချက်ပဲ” လို့ သူ့ရဲ့ ညစဉ်ဗီဒီယိုမိန့်ခွန်းမှာ ပြောပါတယ်။
ခေါင်းဆောင် ၂ ယောက်ဟာ လာမယ့်အစည်းအဝေးတွေမှာ နှစ်ဖက်တာဝန်ရှိသူတွေက ထည့်သွင်းစဉ်းစားရမယ့် တခြားအရေးကြီးကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ဇလန်းစကီးက ပြောပါတယ်။
ဇလန်းစကီးနဲ့ ကောင်းကောင်းဖုန်းပြောခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ စကားပြောရာမှာ ရုရှားအစိုးရက အပစ်အခတ်ရပ်စဲဖို့ ဆန္ဒမရှိလို့ စိတ်ပျက်မိတယ်လို့ ထရမ့်ပ် ဇူလိုင် ၄ ရက်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဇလန်းစကီးက တောင်းဆိုထားတဲ့အတိုင်း ယူကရိန်းကို ပက်ထရီရော့ဒ် ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ အမေရိကန်က သဘောတူမှာလားလို့ မေးမြန်းရာမှာ ထရမ့်ပ်က “သူတို့က ကာကွယ်ရေးအတွက် လိုအပ်မှာပါ။ သူတို့က တော်တော်ကို အပြင်းအထန် တိုက်ခိုက်ခံရတာကြောင့် တခုခုတော့ လိုအပ်မှာပါ” လို့ ပြောပါတယ်။
ရုရှားနိုင်ငံဟာ မကြာသေးမီ သီတင်းပတ်တွေအတွင်း ကိယက်ဗ်နဲ့ တခြားမြို့တွေကို လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့ပါတယ်။
ထရမ့်ပ်က ပူတင်နဲ့ ဇူလိုင် ၃ ရက်မှာ စကားပြောဆိုပြီးတဲ့နောက် နာရီပိုင်းအတွင်း ရုရှားအစိုးရတပ်တွေဟာ လ ၄၀ ကြာ စစ်ပွဲအတွင်း အကြီးမားဆုံးအနေနဲ့ ယူကရိန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
Source: Reuters