
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်က နိုင်ငံရေးပါတီသစ် ထူထောင်မယ်ဆိုတဲ့ ကိစ္စက အဓိပ္ပာယ်မရှိ ကြောင်တောင်တောင်နိုင်တဲ့ကိစ္စ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သုံးသပ်လိုက်ပါတယ်။
ထရမ့်ပ်က “တတိယပါတီတခု ထောင်တယ်ဆိုတာ တော်တော်အဓိပ္ပာယ်မရှိတဲ့ ကြောင်တောင်တောင်ကိစ္စပါ။ ရီပတ်ဘလီကန်ပါတီနဲ့ ကျုပ်တို့ ဒီလောက်အောင်မြင်နေတာ။ ဒီမိုကရက်တွေက လမ်းပျောက်နေပြီ၊ ဒါပေမဲ့ အမြဲတမ်း နှစ်ပါတီစနစ် ဖြစ်ခဲ့တာပါ။ တတိယပါတီတခု စလိုက်တာဟာ ရှုပ်ထွေးသွားတာပဲရှိမယ်။ ဒီမှာက နှစ်ပါတီစနစ်အတွက် ဖန်တီးထားသလို ဖြစ်နေတာ။ တတိယပါတီတွေ ဘယ်တုန်းကမှ အလုပ်မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ သူ အဲဒါနဲ့ အပျော်လုပ်လို့တော့ ရတာပေါ့။ ဒါပေမဲ့ ကျုပ်ထင်တာတော့ တော်တော် ကြောင်တောင်တောင်နိုင်တဲ့ အဓိပ္ပာယ်မရှိတဲ့ကိစ္စပါ” လို့ မှတ်ချက်ချခဲ့ပါတယ်။
မတ်စ်ခ်ဟာ ၂၀၂၄ ရွေးကောက်ပွဲမှာ ထရမ့်ပ်နဲ့ ရီပတ်ဘလီကန် အမတ်လောင်းတွေကို ငွေအား လူအား သုံးပြီး ပံ့ပိုးခဲ့ပါတယ်။
ထရမ့်ပ် အစိုးရဖြစ်လာတော့လည်း အစိုးရအကျိုးထိရောက်မှုဌာန (DOGE) ကို ဖွဲ့စည်းပြီးတော့ အစိုးရအသုံးစရိတ်လျှေ့ာချရေး ကိုယ်တိုင်ဦးဆောင်လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခွန်လျှော့ပေးပြီး အသုံးစရိတ်တွေ တိုးသုံးမယ့် အရအသုံးဘတ်ဂျက် ကိုက်ညှိတဲ့ ဥပဒေကြမ်းကို ထရမ့်ပ်အစိုးရက ချပြချိန်မှာတော့ မတ်စ်ခ်နဲ့ ထရမ့်ပ်အကြား သဘောထား ကွဲလွဲလာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ထရမ့်ပ်ကတော့ လူတိုင်း အချိန်တိုတွင်း လျှပ်စစ်ကားဝယ်စီးအောင် ဖိအားပေးမဲ့ မတ်စ်ခ်ရဲ့ လျှပ်စစ်ကား (EV) စီမံချက်ကို သူ့အစိုးရက ဆန့်ကျင်လို့ အခုလို ခွာပြဲရတာလို့ တုံ့ပြန်ထားပါတယ်။ အဲဒီကတည်းက ပါတီသစ်ထောင်မယ်လို့ မတ်စ်ခ်က အကြိမ်ကြိမ်ပြောနေခဲ့တာ ဖြစ်ပါတယ်။
“အမေရိကပါတီ” အမည်နဲ့ ပါတီထူထောင်ပြီး ရီပတ်ဘလီကန်ပါတီ၊ ဒီမိုကရက်တစ်ပါတီတွေနဲ့ ယှဉ်ပြိုင်မှာဖြစ်တယ်လို့ မတ်စ်ခ်က သူပိုင်တဲ့ လူမှုကွန်ရက် X မှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အကုန်က ရေးသားခဲ့ပါတယ်။
ထရမ့်ပ်ကလည်း “အီလွန်မတ်စ်ခ် လုံးဝလမ်းချော်သွားတာ ကြည့်ရတာ ဝမ်းနည်းမိတယ်” လို့ သူပိုင်တဲ့ လူမှုကွန်ရက် Truth Social မှာ တုံ့ပြန်ရေးသားခဲ့ပါတယ်။
Source: Reuters