DVB Logo
Home
ဆောင်းပါး
မင်းနဲ့ အဝေးဆုံး လကမ္ဘာတဖက်ဆီသို့ 
DVB
·
April 13, 2026
မင်းနဲ့ အဝေးဆုံး လကမ္ဘာတဖက်ဆီသို့ 
Donate to DVB

မုန်းမေ့ပစ်ချင်တဲ့သူနဲ့ အဝေးဆုံးကို ထွက်သွားချင်တယ်လို့ ပြောတတ်ကြပါတယ်။ အဝေးဆုံးမှာ နေမယ်ပေါ့။ ဝေးပြီကမ္ဘာတဖက်ဆီတို့၊ ကမ္ဘာတဖက်မှာ ငါနေထိုင်တယ်တို့၊ ဘာတို့ပေါ့လေ။ ထားပါတော့။ ဒီလို အလွမ်းသီချင်း အဆွေးသီချင်းတွေကို သိပ္ပံနည်းကျပြန်စဉ်းစားကြည့်မယ်ဆိုရင်၊ တနည်းပြောရရင် မင်းနဲ့ အဝေးဆုံး နေမယ်ဆိုရင် ဘယ်လောက်ဝေးဝေးပြေးနိုင်မှာလဲ။

လက်ရှိအချိန်အထိတော့ ကမ္ဘာနဲ့ အဝေးဆုံး၊ မင်းနဲ့ အဝေးဆုံးပြေးနိုင်တဲ့ အကွာအဝေးက မိုင်ပေါင်း ၂၅၂,၇၆၀ မိုင် ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဧပြီ ၆ ရက်နေ့မှာ နာဆာ အာကာသယာဉ်မှူးတွေရဲ့ Artemis II မစ်ရှင်ဟာ လူ့သမိုင်းမှာ ကမ္ဘာနဲ့ အဝေးဆုံး နေရာ၊ လရဲ့ အမှောင်ဘက်ခြမ်းကို ပတ်ပြီး ပျံသန်းနိုင်ခဲ့ပါတယ်။

ဒီတော့ သီအိုရီအရဆိုရင် မင်းနဲ့ အဝေးဆုံး မိုင် ၂ သိန်းခွဲ လောက်ထိတော့ ပြေးလို့ရနိုင်တာပေါ့နော်။ ဒါပေမဲ့လည်း နောက်ဆုံးတော့ ဒီချည်တိုင်ကမ္ဘာကြီးဆီ ပြန်လာရတာက တပိုင်းပေါ့နော်။ ဒီတော့ အဝေးဆုံးကို လူသားတွေ သွားနိုင်ခဲ့တဲ့ ဒီခရီးစဉ်အကြောင်း ဆက်ကြည့်ရအောင်ပါ။

ကမ္ဘာတဖက်ခြမ်းကို ပြေးမယ်ဆိုရင်တောင် မိုင် ၁၂,၀၀၀ လောက်ပဲ ဝေးတာပါ။ ဒါပေမဲ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့မှာတော့ နာဆာအာကာသယာဉ်မှူး လူသား ၄ ဦးကတော့ အဝေးဆုံးထွက်သွား  ဆိုတဲ့ စကားကို လုံးဝကို အစွန်းရောက်သွားတဲ့အထိ အကောင်အထည်ဖော်ပြခဲ့ပါတယ်။ သူတို့ဟာ ကမ္ဘာမြေကြီးကနေ မိုင်ပေါင်း ၂၅၂,၇၆၀ ဝေးကွာတဲ့နေရာအထိ တိတိကျကျ ခရီးနှင်ခဲ့တာပါ။

ဒါကတော့ နာဆာ (NASA) ရဲ့ Artemis II မစ်ရှင်အကြောင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ပြင်းထန် လွန်းတဲ့ ပေါက်ကွဲမှုစွမ်းအင်တွေ၊ ကြောက်မက်ဖွယ်ရာ အာကာသ ရေဒီယိုသတ္တိကြွမှုတွေနဲ့ လူသားလေးဦးကို လရဲ့ အမှောင်ဘက်ခြမ်းကနေ လုံလုံခြုံခြုံ ပတ်ပျံသန်းနိုင်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

အပိုင်း (၁) - ခရီးသွား ၄ ယောက်

သမိုင်းဝင်ခရီးစဉ်တခုအကြောင်းပြောရင် ခရီးသည်တွေအကြောင်း မပြောလို့မရပါဘူး။ ဒါပေမဲ့ အဘိုးအဘွားတွေခေတ်က Apollo မစ်ရှင်မျိုး မဟုတ်ပါဘူး။ ဒီအဖွဲ့သားတွေဟာ ခေတ်သစ်လူသားမျိုးနွယ်အပေါ် စနစ်တကျ ထင်ဟပ်ကိုယ်စားပြုထားပါတယ်။ အရည်အချင်းပြည့်မီတဲ့ လျှောက်ထားသူ ၈,၀၀၀ ကျော်ထဲကမှ နာဆာနဲ့ ကနေဒါ အာကာသအေဂျင်စီတို့က ဒီ ၄ ဦးကိုပဲ ရွေးချယ်ခဲ့တာပါ။ ရွေးချယ်ခံရမှု ရာခိုင်နှုန်းက ၀ ဒသမ ၁၂၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။

Artemis II ရဲ့ ယာဉ်မှူး (ကွန်မန်ဒါ) ကတော့  ကမ္ဘာ့ပတ်လမ်းအနိမ့်ပိုင်း အလွန်ကို ကျော်လွန် သွားရောက်နိုင်ခဲ့တဲ့ အသက်အကြီးဆုံးလူသားအဖြစ် သမိုင်းဝင်ခဲ့တဲ့  ရေ့ဒ် ဝိုက်စ်မန်းဖြစ်ပါတယ်။  ပြီးတော့ အာကာသနက်နက်ထဲကို သွားလာနိုင်ခဲ့တဲ့ ပထမဆုံး လူမည်းလေယာဉ်မှူး  ဗစ်တာဂလိုဗာ၊ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ရထားပြီး ကမ္ဘာပတ်လမ်းဆွဲအားကို ဖောက်ထွက်နိုင်ခဲ့တဲ့ ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူး  ခရစ္စတီးနားကို့ချ်၊ နောက်ဆုံးတယောက်ကတော့ ကနေဒါနိုင်ငံသား ရူပဗေဒပညာရှင်နဲ့ လဆီကို ပျံသန်းတဲ့ ပထမဆုံး အမေရိကန်မဟုတ်သူ ဂျရမီး ဟန်ဆန် တို့ပဲ ဖြစ်ပါတယ်။

"သူတို့တွေက ဒေါ်လာဘီလီယံချီတန်တဲ့ ဒုံးပျံကြီးပေါ်မှာ ကိုယ့်ကိုယ်ကိုယ် ချည်နှောင်ပြီး ထိန်းချုပ်ထားတဲ့ နျူကလီးယားဗုံးပေါ် ထိုင်နေရသလို အန္တရာယ်မျိုးနဲ့ ရင်ဆိုင်ရသူတွေဆိုတော့ ဒေါ်လာသန်းချီပြီး ရမှာပဲ" လို့ တချို့ကတော့ တွေးမိနိုင်ပါတယ်။ မှားပါတယ်။  အာကာသယာဉ်မှူးတယောက်ရဲ့ လူမှုစီးပွားဘဝက အံ့သြစရာကောင်းလောက်အောင် သာမန်ပါပဲ။ သူတို့ဟာ တနှစ်ကို ဒေါ်လာ ၁၅၂,၀၀၀ ဝန်းကျင်လောက်ပဲ ရတာပါ။ အာကာသနက်ထဲ သွားရလို့ အန္တရာယ်ကြေးဆိုတာလည်း မရှိဘူး၊ လရဲ့ အမှောင်ဘက်ခြမ်းမှာ အသက်ရှင်ကျန်ရစ်လို့ ဆုကြေးပေးတာလည်း မရှိပါဘူး။ သူတို့ ဒါကိုလုပ်တာဟာ သမိုင်းအမွေအနှစ်အတွက်၊ သိပ္ပံပညာအတွက်၊ ပြီးတော့ လူသားတွေရဲ့ စွမ်းဆောင်နိုင်မှု နယ်နိမိတ်ကို ချဲ့ထွင်ဖို့ ဆိုတဲ့   ငြင်းမရနိုင်လောက်တဲ့ စိတ်လှုပ်ရှားမှုတွေအတွက် သက်သက်ပါပဲ။

အပိုင်း (၂) - သားရဲကြီး ဆွဲတဲ့ စီးတော်ယာဉ်

နယ်နိမိတ်တွေကို တိုးထွက်ဖို့ဆိုရင်  အကြွင်းမဲ့ ကြီးမားတဲ့ အင်အားလိုအပ်ပါတယ်။ အဲဒီအတွက် "သားရဲကြီး" လို့ တင်စားရမဲ့ ဒုံးပျံကြီး လာပါပြီ။ တရားဝင် နာမည်ကတော့ Space Launch System ဒါမှမဟုတ် SLS လို့ ခေါ်ပါတယ်။ အမြင့် ပေ ၃၂၂ ပေ ရှိပြီး အလေးချိန် ပေါင် ၆ သန်းနီးပါးရှိတဲ့ ဒီဒုံးပျံကြီးဟာ အထက်ကို ပျံတက်ချိန်မှာ တွန်းကန်အား ပေါင် ၈ ဒသမ၈ သန်း အထိ ထုတ်ပေးနိုင်ပါတယ်။

ဒါကို မြင်သာအောင် ပြောရရင် စွမ်းဆောင်ရည်မြင့် ကောဗတ်ပြိုင်ကား  Corvette အစီးရေ ၁၆၀,၀၀၀ ရဲ့ အင်ဂျင်တွေကို စက္ကန့်မလပ် တပြိုင်နက်တည်း နှိုးလိုက်တဲ့ အင်အားမျိုးနဲ့ တူပါတယ်။

Apollo ခေတ်က အလေးချိန်တွေကို မြန်မြန် ဖြုတ်ချခဲ့တဲ့ Saturn V ဒုံးပျံနဲ့ မတူဘဲ၊ SLS ဟာ သူ့ရဲ့ ဧရာမ ပင်မကိုယ်ထည်ကြီးကို လေထုထဲ အတော်မြင့်တဲ့အထိ သယ်ဆောင်သွားဖို့ ဒီဇိုင်းထုတ်ထားတာပါ။

ကမ္ဘာ့ဆွဲအားကနေ ရုန်းထွက်ဖို့အတွက် အလွန်အေးခဲနေတဲ့ အရည်လောင်စာ ဂါလန် ၇ သိန်းကို မိနစ်ပိုင်းအတွင်း လောင်ကျွမ်းစေတာ ဖြစ်ပါတယ်။ ဒီတော့ ဒုံးပျံက အလေးအပင်တွေကို မတင်ပေးလိုက်ပြီထား၊ လေဟာနယ်ထဲရောက်သွားတဲ့အခါ ဘယ်လို အသက်ရှင်သန်ကြမလဲ။

အဖြေကတော့ Orion အာကာသယာဉ်ပါ။ အာကာသယာဉ်မှူး ၄ ဦးဟာ ၁၀ ရက်တိတိ  နေထိုင်လို့ရတဲ့ နေရာအကျယ် ကုဗပေ ၃၃၀ လောက်ရှိတဲ့ ဖိအားထိန်းထားတဲ့ အခန်းလေးထဲမှာ နေခဲ့ရပါတယ်။ အခန်းဖွဲ့စည်းပုံက အပွင့်ပုံစံပါ၊ ဒါပေမဲ့ သတိရရမှာက ဆွဲအားမဲ့ အခြေအနေမှာ "ကြမ်းပြင်" တို့ "မျက်နှာကြက်" တို့ဆိုတာ မရှိပါဘူး။ ဒီယာဉ်လေးဟာ သူ့ရဲ့အောက်ဘက် တိုက်ရိုက်တွဲဆက်ထားတဲ့ European Service Module ပေါ်မှာ လုံးလုံးလျားလျား မှီခိုနေရတာပါ။ အဲဒီ module က နေရောင်ခြည်ကို ဖမ်းယူဖို့ ဧရာမ ဆိုလာပြားကြီး ၄ ခုကို ဖြန့်ချထားပြီး ရှူရှိုက်ဖို့ အောက်ဆီဂျင်၊ နိုင်ထရိုဂျင်နဲ့ သောက်ရေတွေကို အခန်းထဲကို ပို့လွှတ်ပေးပါတယ်။ ‘ဒါပေမဲ့ အာကာသနက်ထဲမှာ အကြောက်ရဆုံးအရာက လေဟာနယ်ကြီး မဟုတ်ပါဘူး။ မျက်စိနဲ့မမြင်ရတဲ့ နေကလာတဲ့ ရေဒီယိုသတ္တိကြွမှု အန္တရာယ်ပါ။ တကယ်လို့ နေမှာ ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်လာခဲ့ရင်၊ နောက်ပြောင်ပြီး "အဆင့်မြင့် ခေါင်းအုံးခံတပ်" လို့ခေါ်တဲ့ အရာကို ဖန်တီးဖို့ Artemis II အဖွဲ့သားတွေကို လေ့ကျင့်ပေးထားပါတယ်။

သူတို့ဟာ အလယ်ဗဟိုက ပစ္စည်းထားတဲ့ နေရာတွေကို ရှင်းလင်းပြီး၊ သူတို့ပတ်ဝန်းကျင်မှာ စက်ပစ္စည်းတွေ၊ အမှိုက်အိတ်တွေလို သိပ်သည်းတဲ့ပစ္စည်းတွေကို ကာရံထားရမှာပါ။  ပြီးရင် ယာဉ်ရဲ့အောက်ခြေနားက ရေဒီယိုသတ္တိကြွမှု အနည်းဆုံး နေရာလေးမှာ စုဝေးပုန်းအောင်းနေရမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာ အသက်ရှူစနစ်က လေထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ဖယ်ရှားဖို့ အစွမ်းကုန် အလုပ်လုပ်ပေးရပါတယ်။ ဒါဟာ အရိုးရှင်းဆုံးနဲ့ အဖန်တီးနိုင်ဆုံး အသက်ရှင်သန်နည်းပါပဲ။

အပိုင်း (၄) - ပတ်လမ်းကြောင်းထဲက ဘဲလေးအက

အခု ပျံသန်းမဲ့ လမ်းကြောင်းအကြောင်း ပြောကြည့်ရအောင်။ Artemis II မစ်ရှင်ဟာ နက္ခတ္တဗေဒရူပဗေဒရဲ့ ပြောင်မြောက်လှတဲ့ လက်ရာတခုပါ။ သူက "hybrid free-return trajectory" လို့ ခေါ်တဲ့ ပတ်လမ်းကြောင်းကို အသုံးပြုထားတာပါ။ နာဆာဟာ လရဲ့ဆွဲအားကို ဧရာမ လောက်လေးခွကြီး တခုလို အသုံးပြုနိုင်ဖို့ အာကာသယာဉ်ကို တိတိကျကျ ချိန်ရွယ်ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ ယာဉ်ဟာ လရဲ့ အမှောင်ဘက်ခြမ်းကို ဆွဲသွင်းခံရပြီး၊ အဲဒီအဟုန်နဲ့ပဲ ကမ္ဘာမြေဆီကို အားပြင်းပြင်းနဲ့ ပြန်လည်ပစ်လွှတ်ပေးလိုက်တာပါ။ 

တကယ်လို့ လရဲ့အကွယ်မှာ အင်ဂျင်တွေ လုံးဝရပ်တန့်သွားခဲ့ရင်တောင် ရူပဗေဒနိယာမတွေအရ သူတို့ကို အိမ်ပြန်ရောက်အောင် ခေါ်ဆောင်လာပေးမှာပါ။ ဒါဟာ ၁၉၇၀ ပြည့်နှစ်က Apollo 13 အဖွဲ့သားတွေကို ကယ်တင်ခဲ့တဲ့ သင်္ချာနည်းစနစ် အတိုင်းအတိအကျဖြစ်ပါတယ်။၊ ဒါပေမဲ့ ကြောက်စရာကောင်းတဲ့ ကွာခြားချက်ကတော့ Apollo 13 မှာ အသက်ကယ်လှေအနေနဲ့ သုံးဖို့ လဆင်းယာဉ်တစင်း တွဲပါလာပါတယ်။ Artemis II အဖွဲ့သားတွေအတွက်ကျတော့ အသက်ကယ်လှေ မရှိပါဘူး။ သူတို့ဟာ Orion ယာဉ်လေးတခုတည်းကိုပဲ ရာခိုင်နှုန်းပြည့် အားကိုးခဲ့ရတာပါ။

အပိုင်း (၅) - အမြင့်ဆုံးအမှတ် (နေကြတ်ခြင်းနှင့် ကမ္ဘာထွက်ခြင်း)

ခရီးစဉ်ရဲ့ အဝေးဆုံးအမှတ် ၂၀၂၆ ဧပြီ ၆ ရက်နေ့ အကြောင်းဆက်ပြောရအောင်ပါ။ ချိုင့်ခွက်တွေအများကြီးနဲ့ ခြောက်ကပ်နေတဲ့ လရဲ့ အမှောင်ဘက်ခြမ်း အထက် မိုင် ၄,၀၀၀ အကွာကနေ အာကာသယာဉ်  ဖြတ်သန်းသွားချိန်မှာ အဖွဲ့သားတွေဟာ လူသားသမိုင်းတလျှောက် အဝေးဆုံးစံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

ဒီလို မယုံနိုင်စရာကောင်းတဲ့ အကွာအဝေးကို ရောက်ရှိနေချိန်မှာ မျှော်လင့်ထားတဲ့အတိုင်း ကမ္ဘာမြေနဲ့ ရေဒီယိုအဆက်အသွယ် မိနစ် ၄၀ တိတိ လုံးဝပြတ်တောက်နေခဲ့ပါတယ်။ အဲဒီအချိန် အဖွဲ့သားတွေဟာ လူသားတွေ တခါမှ မမြင်ဖူးသေးတဲ့ မြင်ကွင်းတခုကို တွေ့ကြုံခဲ့ရပါတယ်။ လပြည့်လာတဲ့ ကာလအတွင်းမှာ  လွှတ်တင်ခဲ့တာဖြစ်လို့ လရဲ့အကွယ်ကို ရောက်သွားတဲ့အခါ လက နေကို ကွက်တိ ဖုံးကွယ်သွားပါတယ်။ သူတို့ဟာ အာကာသနက်ထဲမှာ တနာရီနီးပါး ကြာမြင့်တဲ့ နေအပြည့်ကြတ်တာကို မြင်တွေ့ခဲ့ရပါတယ်။ တောက်ပနေတဲ့ ကြယ်တွေနဲ့ ပြည့်နေတဲ့ အမိုက်မှောင် အာကာသကြီးနောက်ခံမှာ နေရဲ့ လေထုဖြစ်တဲ့ သရဖူသဏ္ဌာန် အလင်းရောင်ခြည် (Corona) ကို တွေ့ခဲ့ရတာပါ။

ပြီးတော့ အောက်ဘက်က မှောင်မိုက်နေတဲ့ လမျက်နှာပြင်ပေါ်မှာ တောက်ပတဲ့ အလင်းလက်ဖြာမှုတွေကိုတောင် မြင်တွေ့ခဲ့ရပါသေးတယ်။ ဒါဟာ အသံထက်မြန်တဲ့ အရှိန်နဲ့ လပေါ်ကို ဥက္ကာခဲတွေ တကယ် ဝင်တိုက်နေတာပါ။ အဲဒီနောက် အမှောင်ဘက်ခြမ်းကနေ ပြန်ထွက်လာချိန်မှာတော့ အဲဒါကို သူတို့ မြင်တွေ့ခဲ့ရပါတယ်။ 

Earthrise လို့ခေါ်တဲ့ လပေါ်ကနေ ကမ္ဘာကြီး ထွက်လာတဲ့ မြင်ကွင်းပါ။ လထွက်တာ၊ နေထွက်တာပဲ မြင်ဖူးတဲ့ ကမ္ဘာသား တွေအတွက် ရှာမှရှားတဲ့ ကမ္ဘာထွက်မြင်ကွင်းဖြစ်ပါတယ်။  ကမ္ဘာကြီးက ဘာနဲ့ တူသလဲဆိုတော့ အဖြူရောင် တိမ်ဆိုင်တွေ လည်ပတ်နေတဲ့ အပြာရောင် စကျင်ကျောက်လုံးလေးတခု အမှောင်ထုထဲမှာ အထီးကျန်စွာ တွဲလောင်းကျနေသလိုပါပဲ။ ဒီလောက်သတ်ဖြတ်နေကြတဲ့ ကမ္ဘာကြီးကို အဝေးကလှမ်းကြည့်တော့လည်း ငြိမ်းချမ်းနေ သလိုပါပဲ။

အပိုင်း (၆) - အိမ်အပြန်ခရီးနှင့် အနာဂတ်

ဧပြီ ၁ ရက်မှာ ကမ္ဘာမြေက ထွက်ခွာသွားကြသူတွေဟာ ဧပြီ ၁၀ ရက်မှာတော့ အဝေးဆုံး ထွက်သွားခဲ့တဲ့သူတွေ အောင်အောင်မြင်မြင်နဲ့ အိမ်ကိုပြန်လာနိုင်ကြပါပြီ။ 

Orion ယာဉ်လေးဟာ ကမ္ဘာ့လေထုထဲကို အလွန်ပြင်းထန်တဲ့ အရှိန်နဲ့ ဝင်ရောက်လာခဲ့ပါတယ်။ အပူချိန် ဖာရင်ဟိုက် ၅,၀၀၀ ဒီဂရီကို ခံနိုင်ရည်ရှိရှိ ဖြတ်သန်းပြီးတော့  ဘာဟာ ကယ်လီဖိုးနီးယား ကမ်းလွန် ပစိဖိတ်သမုဒ္ဒရာထဲကို လေထီးနဲ့ အောင်အောင်မြင်မြင်ဆင်းသက်နိုင်ခဲ့ပါတယ်။ 

အစမှာမေးခဲ့တဲ့ မေးခွန်းကို ပြန်ဖြေရရင် ဘယ်လောက်ဝေးဝေး ပြေးနိုင်မှာလဲ တိတိကျကျပြောရရင် မိုင်ပေါင်း ၂၅၂,၇၆၀ ပါ။ ဒါပေမဲ့ ပတ်လမ်းကြောင်းဆိုင်ရာ ရူပဗေဒရဲ့ လှပတဲ့ ကာရန်မညီမှုတခုနဲ့ ကြုံတွေ့ရမှာဖြစ်ပါတယ်။ လွတ်မြောက်ဖို့ အပြင်းအထန် ရုန်းကန်ခဲ့ရတဲ့ ဆွဲအားကပဲ ပြန်လှည့်လာအောင် မလွှဲမသွေ ဆွဲခေါ်သွားတဲ့ အင်အားဖြစ်နေမှာပါ။

Artemis II ဟာ စံချိန်ချိုးတဲ့ အပျော်ခရီးသက်သက် မဟုတ်ပါဘူး။

စက်ပစ္စည်းတွေ၊ အသက်ရှူစနစ်တွေနဲ့ လူသားတွေရဲ့ စိတ်ဓာတ်ခွန်အားတွေဟာ နောက်ထပ်ခြေလှမ်းတွေဖြစ်တဲ့ Artemis III၊ လပတ်လမ်းကြောင်းစခန်း (Lunar Gateway) နဲ့ နောက်ဆုံး အင်္ဂါဂြိုဟ်အထိ သွားဖို့ လမ်းဖွင့်ပေးလိုက်တာပါ။ မိုင်ပေါင်း နှစ်သိန်းခွဲလောက် အမှောင်ထုထဲကို ခရီးထွက်ခဲ့တာက ဘယ်လိုအသက်ရှင်သန်ရမလဲဆိုတာ သင်ယူဖို့နဲ့၊ နောက်ဆုံးမှာတော့ အိမ်ပြန်ရာလမ်းကို ရှာဖွေနိုင်ဖို့ပါပဲ။ ဒီလို မယုံနိုင်စရာကောင်းတဲ့ ခရီးစဉ်မှာ အတူတူ လိုက်ပါခံစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ 

အဝေးဆုံးထိထွက်ပြေးခဲ့ပြီးရင်လည်း အချိန်တန်အိမ်ပြန်ကြရတာပါပဲ။ ပြန်ဖို့ အစကတည်းက စိတ်ကူးရှိခဲ့တယ်ဆိုရင်ပေါ့လေ။ အဝေးဆုံးရောက်တဲ့ သူတွေတောင် အိမ်ပြန်နိုင်ကြရင် တနေ့ကျ အိမ်ပြန်နိုင်ကြမှာပါ။

စိုင်းခေတ်နွေ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013