DVB Logo
Home
Lead Story
၂၀၂၆ ကမ္ဘာ့ဖလား ဘယ်အသင်းဗိုလ်စွဲမှာလဲ  (ရုပ်သံ)
စိုင်းခေတ်နွေ
·
June 12, 2026
၂၀၂၆ ကမ္ဘာ့ဖလား ဘယ်အသင်းဗိုလ်စွဲမှာလဲ  (ရုပ်သံ)
Donate to DVB

၂၀၂၆ ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးရဲ့ ပြိုင်ပွဲလမ်းကြောင်းတလျှောက်မှာ ဘယ်အသင်းတွေ ထိပ်တိုက်တွေ့ကြမလဲ၊ ဘယ်အသင်းတွေ လမ်းကြောင်းချောင်ပြီးတော့ ဘယ်အသင်းတွေ ပွဲကျပ်နိုင်သလဲ၊ ဗိုလ်စွဲနိုင်ခြ အများဆုံးက ဘယ်အသင်းတွေလဲဆိုတာ သုံးသပ် တင်ပြသွားမှာ ဖြစ်ပါတယ်။

ဒီတကြိမ် ကမ္ဘာ့ဖလားဟာ အရင်ပွဲတွေနဲ့ မတူဘဲ ၃၂ သင်း မဟုတ်တော့ဘဲ ၄၈ သင်း၊ အုပ်စု ၁၂ စု ကန်မှာဖြစ်ပါတယ်။ အုပ်စု ပထမ ၁၂ သင်း၊ အုပ်စု ဒုတိယ ၁၂ သင်းနဲ့ အကောင်းဆုံး အုပ်စု တတိယ ၈ သင်းဟာ ၃၂ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ပုံမှန်ထက် တဆင့်ပိုသွားပြီး ၁၆ သင်းရှုံးထွက်အရှေ့မှာ ၃၂ သင်း ရှုံးထွက် round 32 ဆိုတာ ပါလာပါတယ်။  ဒီတွက်ချက်မှုအတွက် အခြေခံထားတဲ့ အချက် ၃ ချက်ကို အရင်ဆုံးပြောချင်ပါတယ်။

Media

ဒီနှစ်ပြိုင်ပွဲဟာ သမိုင်းမှာ ပထမဆုံးအကြိမ် ဦးစားပေး seeding စနစ်ကို ကျင့်သုံးတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ ဦးစားပေး ၄ သင်း သတ်မှတ်ထားပြီးတော့ စပိန်၊ အာဂျင်တီးနား၊ ပြင်သစ် အင်္ဂလန် အစဉ်အတိုင်းဖြစ်ပါတယ်။ ဒါကြောင့်  စပိန်နဲ့ အာဂျင်တီးနားသာ သက်ဆိုင်ရာအုပ်စုမှာ ဗိုလ်ဖြစ်ရင် ရှုံးထွက်အဆင့်မှာ တဖက်စီရောက်သွားပြီးတော့ ဗိုလ်လုပွဲမှ တွေ့မှာဖြစ်ပါတယ်။ ဒီလိုပဲ ပြင်သစ်နဲ့ အင်္ဂလန်ဟာလည်း အုပ်စုဗိုလ်တွေဖြစ်ကြရင် နိုင်ခဲ့မယ်ဆိုရင် ဗိုလ်လုပွဲမှ ဆုံမှာဖြစ်ပါတယ်။

၂၀၂၂ တုန်းက ဒီလို seeding မပေးပေမဲ့ အဆင့်သတ်မှတ်ချက်မှာ ဘရာဇီး၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ အာဂျင်တီးနား ဆိုပြီး ရှိခဲ့ပါတယ်။ ဘရာဇီးက ကွာတား၊ ဘယ်လ်ဂျီယံက အုပ်စုမှာတင် ပြုတ်သွားပေမဲ့ နောက်နှစ်သင်းကတော့ ဗိုလ်လုပွဲမှာတွေ့ခဲ့ပြီး အာဂျင်တီးနား ဗိုလ်စွဲပါတယ်။ ဒါကြောင့် ဒီသတ်မှတ်ချက်ဟာ အလကားမဟုတ်ဘူးဆိုတာ တွေ့နိုင်ပါတယ်။

အုပ်စုဗိုလ်ဖြစ်တဲ့ အသင်းကြီးတွေပဲ  ဗိုလ်စွဲလေ့ရှိတဲ့ ကမ္ဘာ့ဖလား

ဒုတိယအချက်ကတော့ အခုတွက်ချက်မှာ ဗိုလ်စွဲနိုင်ခြေရှိတဲ့အသင်းတွေအားလုံး အုပ်စုဗိုလ်ဖြစ်ပြီး တက်လာကြရင် ကြုံရမဲ့လမ်းကြောင်းကိုပဲ တွက်တာဖြစ်ပါတယ်။ အုပ်စုဗိုလ်မဖြစ်ဘဲ ဗိုလ်စွဲတာ ၁၉၈၂ အီတလီ နောက်ဆုံး၊ သမိုင်းမှာ ၃ ခါပဲ ရှိခဲ့ပါတယ်။

၁၉၉၄ ဘရာဇီး၊ ၁၉၉၈ ပြင်သစ်၊ ၂၀၀၂ ဘရာဇီး၊ ၂၀၀၆ အီတလီ၊ ၂၀၁၀ စပိန်၊ ၂၀၁၄ မှာ ဂျာမနီ၊ ၂၀၁၈ မှာ ပြင်သစ်၊ ၂၀၂၂ မှာ အာဂျင်တီးနား အားလုံးဟာ အုပ်စုဗိုလ်နဲ့ တက်ခဲ့ကြတာဖြစ်ပါတယ်။

ဒါကြောင့် ဖလားရမဲ့ အသင်းဟာ ရေပန်းစားတဲ့ ထိပ်တန်းအသင်းကြီးတွေထဲကပဲ ဖြစ်သလို အုပ်စုအဆင့်မှာ အမြဲ အုပ်စုဗိုလ်ဖြစ်တယ်ဆိုတဲ့ အစဉ်အလာကို အခြေခံတွက်ထားတာ ဖြစ်ပါတယ်။

ခန့်မှန်းလို့ မရတဲ့ အုပ်စုတတိယအသင်းတွေရဲ့ လမ်းကြောင်း

တတိယအချက်ကတော့ စည်းမျဉ်းသစ်အရ အုပ်စုတတိယနဲ့တက်လာမဲ့ အသင်းတွေကို ဗိုလ်စွဲနိုင်ခြေ မရှိဘူးလို့ ယူဆပြီးတော့ ထည့်မတွက်တာ ဖြစ်ပါတယ်။ အုပ်စု ၁၂ စုမှာ ၈ စုက အကောင်းဆုံး တတိယ ၈ သင်း တက်မှာဖြစ်ပါတယ်။ အဲဒီအတွက် အတွဲအစပ် ဖြစ်နိုင်ခြေက တက်ခွင့်ရတဲ့ အုပ်စုအပေါ် မူတည်ပြီးတော့ ၄၉၅ မျိုးတောင်ရှိတာကြောင့် ရှုံးထွက်မှာ တတိယနဲ့ တက်လာမဲ့အသင်းတွေ ဘယ်သူနဲ့တွေ့မလဲဆိုတာ လမ်ကြောင်းခန့်မှန်းဖို့ လုံးဝ မဖြစ်နိုင်သလောက်ပါပဲ။ အဲဒါကြောင့် ထည့်ကို မတွက်ပါဘူး။

အကောင်းဆုံး တတိယ ၈ သင်းကို ရမှတ်၊ ဂိုးကွာခြားချက်၊ သွင်းဂိုး၊ အဝါကတ်၊ အနီကတ်၊ ဖီဖာအဆင့် စတာတွေနဲ့ ဆုံးဖြတ်မှာဖြစ်ပါတယ်။ အဝါ -၁ မှတ်၊ နှစ်ဝါ တနီ  -၃ မှတ်၊ တိုက်ရိုက်အနီ -၄ မှတ်၊ အဝါ + တိုက်ရိုက်အနီ -၅ မှတ် ပြန်နုတ်ခံရမှာဖြစ်လို့ ပွဲစဉ်ဇယား ဖြစ်နိုင်ခြေ ၄၉၅ မျိုးအထိရှိဖြစ်ပြီး အသေးစိတ်ကြည့်ချင်ရင်တော့ ဖီဖာရဲ့ ပြိုင်ပွဲစည်းမျဉ်း နောက်ဆက်တွဲ (ဂ) မှာ သွားကြည့်လို့ရပါတယ်။ အလွယ်ကြည့်ချင်ရင်တော့ 2026 FIFA World Cup knockout stage လို့ရိုက်ရှာပြီး ဝီကီပီးဒီးယားမှာ ကြည့်လို့ရပါတယ်။

ဘယ်အသင်းအုပ်စုတက်မလဲ

ရှုံးထွက်အဆင့်ကို အကြမ်းဖျင်းပြောမယ်ဆိုရင် ဘယ်ခြမ်း၊ ညာခြမ်းလို့ ယေဘုယျ ခွဲလို့ရပါတယ်။ ဘယ်ခြမ်းရောက်သွားတဲ့အသင်းက ညာခြမ်းကအသင်းနဲ့ ဖိုင်နယ်မှ တွေ့တော့မှာဖြစ်ပါတယ်။  အုပ်စုဗိုလ်မှန်းထားတဲ့ အသင်းကြီးတွေ အုပ်စုဒုတိယဖြစ်သွားရင် ဘယ်ခြမ်း ညာခြမ်း ပြောင်းသွားမှာ ဖြစ်ပါတယ်။

Media

ညီညွတ်မှုနဲ့ စုဖွဲ့အရရော ပညာရှင်တွေနဲ့ အချက်အလက်တွေအရ တွက်ချမှုအရတော့ လက်ရှိ ဥရောပချန်ပီယံလည်းဖြစ်တဲ့  စပိန်က အလားအလာအကောင်းဆုံး ဖြစ်ပါတယ်။

အစဉ်အလာထည့်စဉ်းစားကြည့်မယ်ဆိုရင် နောက်ဆုံးကမ္ဘာ့ဖလား ၃ ကြိမ်မှာ ပြင်သစ်နဲ့ အာဂျင်တီးနားဟာ ၂ ကြိမ်စီ ဗိုလ်လုပွဲ ရောက်ခဲ့ဖူးပါတယ်။ နောက်ဆုံး ၅ ကြိမ်မှာ ၃ ကြိမ်၊ ၇ ကြိမ်မှာ ၄ ကြိမ် ပြင်သစ် ဗိုလ်လုပွဲ ရောက်ခဲ့ဖူးပါတယ်။ ဟိုးအရင်က ဘရာဇီးရွှေခေတ်ကို မေ့ထားလိုက်ရင် ဒီဘက်အနှစ် ၃၀ ကျော်မှာ ပြင်သစ်က လွှမ်းမိုးထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံး ၆ ကြိမ်မှာ ချန်ပီယံမတူခဲ့ပါဘူး။

ဥရောပပြင်ပမှာ ဥရောပအသင်းတွေ ဗိုလ်မစွဲဘူးဆိုတဲ့ အစဉ်အလာကို ၂၀၁၀ တောင်အာဖရိကမှာတုန်းက စပိန်၊ ၂၀၁၄ ဘရာဇီးမှာ ကျင်းပတုန်းက ဂျာမနီက ချိုးဖျက်ခဲ့ပြီး ဖြစ်တဲ့အတွက် အဲဒီကလင်ဒါကျလည်း ပျက်သွားပါပြီ။

လူပုဂ္ဂိုလ်အရ ပြောရရင်တော့ စီရော်နယ်ဒိုရဲ့ နောက်ဆုံးဖြစ်နိုင်တဲ့ ကမ္ဘာ့ဖလားမှာ တကယ်လည်း အင်အားတောင့်တဲ့ ပေါ်တူဂီအသင်း ပထမဆုံး ကမ္ဘာ့ချန်ပီယံ ဖြစ်လာမလား ဆိုတာလည်း စဉ်းစားစရာပါ။ မက်ဆီရော အာဂျင်တီးနားနဲ့ နောက်တခါ ထပ်ရနိုင်မလား ဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အိမ်ရှင် မက္ကဆီကိုနဲ့ အမေရိကန်ဟာ ဖျက်မြင်းအဆင့် ဖြစ်နိုင်ပေမဲ့ ကွာတား၊ ဆီမီး အလွန်ဆုံးလို့ ထင်ပါတယ်။

အင်္ဂလန်ကတော့ စုဖွဲ့မှုအရ ဖလားစိန်ခေါ်နိုင်ပါတယ်၊ ဒါပေမဲ့ ယူရိုမှာ ဗိုလ်လုပွဲ ၂ ကြိမ် ဆက်ရှုံးထားတဲ့အသင်း ကမ္ဘာ့ဖလားကျမှ ဗိုလ်စွဲမလားဆိုတဲ့ မေးခွန်းကတော့ ဖြေကို မဖြေချင်ပါဘူး။

ဘရာဇီး ဗိုလ်စွဲတာ၊ ဗိုလ်လုပွဲတက်တာ ၂၀၀၂ က နောက်ဆုံးဖြစ်ပေမဲ့ နည်းပြကြီး အန်စလော့တီ ဦးဆောင်မှုအောက်မှာ မျှော်လင့်ချက် တစုံတရာတော့ ရှိနေပါတယ်။ ခြုံပြောရရင်တော့ ပညာရှင်တွေရဲ့ ခန့်မှန်းတွက်ချက်မှုတွေ၊ အလေးပေးမှုတွေအရ စပိန်နဲ့ ပြင်သစ် ဒီ ၂ သင်းထဲက တသင်းပဲလို့ ကောက်ချက်ချတာ အများဆုံးဖြစ်ပါတယ်။

Opta စူပါကွန်ပြူတာကတော့ စပိန်၊ ပြင်သစ်၊ အင်္ဂလန်၊ အာဂျင်တီးနား ဆိုပြီးတော့ ဗိုလ်စွဲနိုင်ခြေ အစဉ်အလိုက် တွက်ချက်ထားပါတယ်။

၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂ ခုနှစ်တွေမှာ ၃ ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလား ဘယ်သူရမလဲ မှန်အောက်တွက်ချက်ထားတဲ့ ဂျာမနီသင်္ချာပညာရှင် ဂျိုအာချင်ကလီးမန့်ရဲ့ သင်္ချာမော်ဒယ်အရ တွက်တာမှာတော့ နယ်သာလန် ဗိုလ်စွဲမယ်လို့ ထူးထူးခြားခြား ခန့်မှန်းထားပါတယ်။

ဘောလုံးဝါသနာအိုးတွေရော ဘယ်အသင်းဗိုလ်စွဲမယ်ထင်သလဲဆိုတာ Comment မှာ ဝင်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

စိုင်းခေတ်နွေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013