
ပဲခူးမြို့ ရွှေပန်းကျေးရွာမှာ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတယောက်ကို ရိုက်နှက်ပြီး မုဒိမ်းကျင့်ခဲ့တဲ့ အမျိုးသား ၂ ယောက်ကို ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းမှာ ရွာသားတွေကဖမ်းမိပြီး ရဲစခန်းကို အပ်နှံလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဇူလိုင် ၄ ရက် ညပိုင်းက ရွှေပန်းကျေးရွာက လေဖြတ်နေတဲ့ မိခင်နဲ့အတူနေထိုင်တဲ့ အမျိုးသမီးငယ်ကို တရွာတည်းနေ အမျိုးသား ၂ ယောက်က ရိုက်နှက် မုဒိမ်းကျင့်ခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ညဘက် လူနာလာမေးတဲ့ပုံစံနဲ့ အိမ်ထဲ ဝင်လာပြီး ကောင်မလေးကို ရိုက်နှက်ပြီး မုဒိမ်းကျင့်တာ။ ကောင်မလေးက လေဖြတ်နေတဲ့ သူ့အမေကို လုပ်ကျွေးနေတာဆိုတော့ ရွာကလူတွေက မုဒိမ်းမှုအကြောင်းကို သိသွားပြီး ရဲနဲ့ပေါင်းပြီးလိုက်ရှာတာ မိသွားတယ်” လို့ ပြောပါတယ်။
ပြစ်မှုကျူးလွန်သူအမျိုးသား ၂ ယောက်ကို ဇူလိုင် ၅ ရက်က ရဲတွေနဲ့ ရွာခံတွေက လိုက်ရှာကြပြီး ရွာသားတွေက နေ့လယ် ၁၂ နာရီမှာ ဖမ်းမိတာကြောင့် ရဲစခန်းကို အပ်ခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“မုဒိမ်းကျင့်တဲ့ ၂ ယောက်မှာ တယောက်က ရွာခံ၊ တယောက်က မုက္ကလရွာသား။ ရဲစခန်းဘက်က နှစ်ယောက်လုံးကို စစ်ဆေးနေတယ်။ ဘယ်ပုဒ်မနဲ့ အမှုဖွင့်မယ်ဆိုတာ မသိရသေးဘူး” လို့ ပြောပါတယ်။
လက်တလောမှာ ပြစ်မှုကျူးလွန်သူ အောင်ကိုလတ် နဲ့ မင်းခန့်ကျော်တို့ကို ပဲခူးမြို့မရဲစခန်းက အမှုဖွင့်လှစ်နိုင်ရေးအတွက် စစ်ဆေးနေတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်က ပဲခူးမြို့နယ်၊ မုက္ကလကျေးရွာ အလယ်တန်းကျောင်းခွဲမှာ G5 ကနေ G8 ကျောင်းသား ၄၈ ယောက်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တဲ့ ကျောင်းအုပ်ဆရာကြီး အမှုကိုတော့ ဒီကနေ့အထိ စီရင်ချက်မချရသေးပါဘူး။