
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်အလယ်ပိုင်း၊ ဂွါဒါလူပီမြစ်တလျှောက် ဇူလိုင် ၄ ရက်က မိုးကြိုးမုန်တိုင်းတွေနဲ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့လို့ အနည်းဆုံး လူ ၂၄ ယောက် သေဆုံးကာ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ကွန်ချိုမြစ်ပေါ်ရှိ ဆန်အန်ဂျလိုမြို့မှာ နေအိမ်တွေနဲ့ မော်တော်ကားတွေလည်း နစ်မြုပ်နေတယ်လို့ ဆိုပါတယ်။
မိုးရေတွေလျှံတက်နေတဲ့ ဂွါဒါလုဖေးမြစ်ကမ်းနားရှိ ခရစ်ယာန် မိန်းကလေးတွေ နွေရာသီစခန်းတခုမှာ စာရင်းသွင်းထားတဲ့ ကလေး ၇၀၀ ကျော်ထဲက မိန်းကလေး ၂ ဒါဇင် နီးပါး ပျောက်ဆုံးနေလို့ ရှာဖွေနေကြကြောင်း ဒေသအာဏာပိုင်တွေက ပြောပါတယ်။
စခန်းချသူအများစုမှာ ဘေးကင်းကြပေမဲ့ အမြန်လမ်းတွေမှာ ရေကြီးနေမှုကြောင့် သွားလာရခက်ခဲနေတဲ့အတွက် သူတို့ကို ချက်ချင်း ရွှေ့ပြောင်းနိုင်ခြင်း မရှိသေးကြောင်းလည်း ဆိုပါတယ်။
ဒီအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အမေရိကန် ကမ်းခြေစောင့်တပ်နဲ့ ဖက်ဒရယ်အရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီတို့မှ ဝန်ထမ်းတွေကလည်း ဒေသအာဏာပိုင်တွေကို ပံ့ပိုးကူညီနေကြပါတယ်။
ဂွါဒါလုဖေးမြစ်အနီးက အဲဒီနယ်မြေဧရိယာမှာ အမှိုက်သရိုက်တွေ၊ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ရေလွှမ်းမိုးတာတို့ကြောင့် အပျက်အစီးတွေ များနေပါတယ်။
ပျောက်ဆုံးနေသူတွေကို မတွေ့မချင်း ရှာဖွေကယ်ဆယ်ရေးတွေကို ၂၄ နာရီပတ်လုံး လုပ်ဆောင်နေမှာပါလို့ တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရဲ့ဂ်အဘ်ဘာ့တ်နဲ့ တခြား တာဝန်ရှိသူတွေ အတူပြုလုပ်ကြတဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ကားရ် ကောင်တီအုပ်ချုပ်ရေးမှူး လယ်ရီလီသာက ပြောပါတယ်။
အမေရိကန် အမျိုးသားမိုးလေဝသဌာနဟာ ခြေထောက်မြုပ်လောက်အောင်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုးကြိုးမုန်တိုင်းတွေလည်း တိုက်ခဲ့အပြီးမှာ တက္ကဆက် ဟေးလ်ကမ်းထရီး နယ်မြေမှာရှိတဲ့ ကားရ်ကောင်တီရဲ့ အစိတ်အပိုင်းတွေအတွက် လျှပ်တပြက်ရေလွှမ်းမိုးနိုင်ကြောင်း အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။
Source: Reuters