
တူရကီနိုင်ငံ အစ်မီးယားဒေသမှာ တောမီးကြောင့် ဒေသခံတွေ ရာနဲ့ချီပြီး အိမ်ခြေမဲ့တွေ ဖြစ်ခဲ့ကြောင်း မြို့တော်ဝန်က ပြောပါတယ်။
အစ်မီးယားဒေသ တောမီးကြောင့် လူတယောက် သေဆုံးခဲ့ပြီး ရွာပေါင်း ၁၀ ရွာ နီးပါး ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
တောမီးကြောင့် သစ်ပင်တွေ သန်းနဲ့ချီပြီး မီးထဲပါခဲ့ကာ လူနေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တာ ဖြစ်ပြီး အစ်မီးယားဒေသ တောင်ပေါ်တွေမှာ လောင်ကျွမ်းနေတဲ့ တောမီးကို ရဟတ်ယာဉ်နဲ့ လေယာဉ်တွေကို အသုံးပြု မီးငြှိမ်းသတ်ခဲ့ပါတယ်။
တောမီးကြောင့် ဒေသခံ ၅၀,၀၀၀ ကို ဒီတပတ် အစောပိုင်းမှာ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
အပူချိန်မြင့်မားမှု၊ လေထုစိုထိုင်းဆ နည်းပါးမှုနဲ့ လေတိုက်နှုန်း ပြင်းထန်မှုကြောင့် တောမီးလောင်ကျွမ်းမှု အရှိန်မြင့်တက်လာတာဖြစ်ပြီး သောကြာနေ့မှာ အစ္စတန်ဘူလ်မြို့ အပြင်ဘက်အထိ တောမီးလောင်ကျွမ်းမှုတွေ တိုးလာတာပါ။
ဒီနှစ်မှာ ဥရောပတိုက်ကို နွေရာသီအစောပိုင်းကတည်းက အပူလှိုင်းကျရောက်မှု အချိန်စောခဲ့တာ တွေ့ရပါတယ်။
ဥရောပမှာ အပူလှိုင်း ကျရောက်တာကြောင့် လက်ရှိအချိန်အထိ လူ ၈ ယောက် သေဆုံးခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ဥရောပတိုက်မှာ ပြီးခဲ့တဲ့ နှစ်ကလည်း အပူလှိုင်းကျရောက်ပြီး ပေါ်တူဂီနဲ့ ဂရိနိုင်ငံတို့မှာ တောမီးလောင်ကျွမ်းမှုကြီးတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။
တူရကီ၊ အီတလီ၊ စပိန်၊ ရိုမေးနီးယားနိုင်ငံတို့မှာလည်း တောမီးလောင်ကျွမ်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ် ကမ္ဘာ့အပူချိန်ဟာ စက်မှုခေတ်မတိုင်မီကထက် ၁ ဒသမ ၅ စင်တီဂရိတ်အထိ တိုးမြှင့်လာခဲ့တယ်လို့ လေ့လာသူတွေက ဖော်ပြပါတယ်။
Source: Reuters