
မန္တလေးတိုင်း၊ တောင်သာမြို့မှာ အရက်ဝယ်ထွက်လာတဲ့ ရဲ ၂ ယောက်ကို ဇူလိုင် ၃ ရက် ညနေပိုင်းမှာ ဖမ်းဆီးရမိခဲ့ပြီး ဆိုင်ကယ် တ စီး၊ လက်ပစ်ဗုံးနဲ့ ဟန်းဖုန်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်သာမြို့နယ် ပကဖ က ဇူလိုင် ၄ ရက်မှာ သတင်းထုတ်ပြန် ပါတယ်။
တောင်သာမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “သူတို့ ၂ ယောက်က သူတို့တာဝန်ကျတဲ့နေရာကနေ အရက်နဲ့ ဘီယာထွက်ဝယ်ရင်း မြို့ပြင်ကို နယ်ကျွံပြီးထွက်လာတာမှာ ဖမ်းမိခဲ့တာ” လို့ ပြောပါတယ်။
ဖမ်းဆီးရမိသူတွေဟာ ရန်ကုန် မှော်ဘီရဲတပ်ရင်း ၅ ကနေ တောင်သာမြို့ အမှတ် ၁ စွပ်ကျယ်စက်ရုံမှာ လုံခြုံရေးတာဝန်ကျနေကြတဲ့ ရဲတပ်ဖွဲ့ဝင် ဒုတပ်ကြပ် ဟန်ဝေအောင် (လ-၂၆၄၅၈၈) နဲ့ ရဲတပ်သား အောင်သီဟ (လ-၃၀၆၉၁၇) တို့ဖြစ်ပါတယ်။
တောင်သာမြို့နယ် ပကဖ တာဝန်ခံ ကိုကြည်စတား က “သူတို့ ၂ ယောက်ကို သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီးတော့ စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်။ စစ်ဆေးပေါ်ပေါက်ချက်တွေကို အထက်အဖွဲ့အစည်းတွေဆီကို တင်ပြပြီးတော့ သူတို့တွေ ပြည်သူကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအလိုက် ဆက်လက်အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။
အဲဒီရဲတွေဆီကနေ ဆိုင်ကယ် တစီး၊ ဖုန်း ၂ လုံး၊ လက်ပစ်ဗုံး တလုံးတို့ကိုလည်း သိမ်းဆည်းရရှိထားပြီး စစ်ကောင်စီလက်အောက်ကတပ်ဖွဲ့ဝင်တွေအနေနဲ့ သုံ့ပန်းအဖြစ် အဖမ်းမခံရခင်နဲ့ တိုက်ပွဲတွေအတွင်း မသေဆုံးခင် အမြန်ဆုံးအလင်းဝင်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း ဆိုပါတယ်။
ဇွန် ၁၇ ရက်ကလည်း တောင်သာနယ်ထဲက လမ်းပိုင်းတနေရာမှာ တောင်သာမြို့နယ် ပကဖ တပ်ဖွဲ့ဝင်တွေ လုံခြုံရေးစစ်ဆေးနေချိန် ကပစ ၂၂ က တပ်ကြပ်ကြီး အောင်ဖြိုးကို ဖမ်းဆီးရမိခဲ့ ပါတယ်။