DVB Logo
Home
မြန်မာသတင်း
ရေကြည်နှင့် လေးမျက်နှာကို စစ်ကောင်စီတိုက်ခိုက်သဖြင့် ၁ လခွဲအတွင်း ၉ ဦးသေ၊ ၂၀ ဒဏ်ရာရ
DVB
·
July 5, 2025
ရေကြည်နှင့် လေးမျက်နှာကို စစ်ကောင်စီတိုက်ခိုက်သဖြင့် ၁ လခွဲအတွင်း ၉ ဦးသေ၊ ၂၀ ဒဏ်ရာရ
Donate to DVB

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ်တွေထဲက ကျေးရွာတွေကို မေ ၁၅ ရက်ကနေ ဇွန်လကုန်အထိ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်လို့ ကလေးတွေအပါအဝင် ဒေသခံ ၉ ယောက်သေ၊ အယောက် ၂၀ ဒဏ်ရာရပြီး အိမ်တွေလည်း ပျက်စီးတယ်လို့ ဧရာဝတီ PDF နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLF) တို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရေကြည်နဲ့ လေးမျက်နှာမြို့နယ်ထဲရခိုင်နယ်စပ်ဒေသက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးကြရလို့ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီက ဗုံးကြဲတာနဲ့ လက်နက်ကြီးကြောင့် လေးမျက်နှာမြို့နယ်ထဲက လဲခုံကြီးရွာ၊ စောပြာရွာ၊ ဂွေးပင် တောက်ရွာ၊ တုံးတောရွာ၊ ရှမ်းကွင်းကျေးရွာနဲ့ စေတလုံး တောင်စေတီအောက်ခြေမှာ နေထိုင်တဲ့ အသက် ၅၀ နှစ်အရွယ် ဒေါ်ချိုမာဦး၊ အသက် ၅၉ နှစ်အရွယ် ဒေါ်မြင့်မြင့်သန်း၊ အသက် ၇၀ အရွယ် ဒေါ်ဇီးကွက်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်ခင်စန်းဝင်း၊ အသက် ၁၀ နှစ်အရွယ် မောင်အောင်ရဲသူ၊ အသက် ၁၇ နှစ်အရွယ် မောင်ချစ်ကိုကို၊ အသက် ၈၅ နှစ်အရွယ် ဦးချစ်၊ အသက် ၂၇ နှစ်အရွယ် ဦး‌ကျော်ဇင်ထက်နဲ့ အသက် ၂၀ နှစ်အရွယ် ကိုဖြိုးကြီးတို့ သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတယောက်က “PDF ဘက်က သေဆုံးသူတွေ၊ ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ ပျက်စီးတာတွေတာကို ထုတ်ပြန်တဲ့စာရင်းနဲ့က အမှန် ပါပဲ။ စစ်ရှောင်တွေလည်းမနည်းဘူးတိုးလာတယ်။ ဒါကတော့ထုတ်ပြန်ချက်မှာ မပါဘူးပေါ့” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း တော်လှန်စစ်တိုးချဲ့လာတာနဲ့အမျှ စစ်ရေးအရရှုံးနိမ့်နေတဲ့စစ်ကောင်စီဟာ သူရဲဘောဆန်စွာ အရပ်သားပြည်သူတွေကို သူရဲဘောဆန်ဆန် ပစ်မှတ်ထားတိုက်ခိုက်တာတွေ နေ့တိုင်းနီးပါးလုပ်နေတာတွေ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်နဲ့နီးစပ်သူတယောက်က “စစ်ကောင်စီတပ်က အရပ်သားတွေနေတဲ့ နေရာတွေမှာ လက်နက်ကိုင်တွေရှိနေတယ်ဆိုပြီး တိုက်ခိုက်တာ။ လက်နက်ကိုင်တွေ သေဆုံးတာမရှိဘဲ အရပ်သားတွေပဲသေဆုံး၊ ထိခိုက်၊ ပျက်စီးရတာ။ ဒီနေ့အထိလည်း ရေကြည် အမြောက် တပ်အနီးမှာ တိုက်ပွဲတွေရှိနေတုန်းပဲ” လို့ ပြောပါတယ်။

မေ ၁၅ ရက်ကနေ ဇွန် ၃၀ ရက်နေ့အတွင်း စစ်ကောင်စီဟာ ရေကြည်မြို့နယ်အခြေစိုက် အမတ ၃၄၄ တပ်စခန်းနဲ့ ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်တို့က စစ်ကောင်စီတပ်စခန်းတွေကို လက်လွှတ်ဆုံးရှုံးလိုက်ရလို့ လူနေကျေးရွာ အိမ်ခြေအဆောက်အအုံနဲ့ အရပ်သားပြည်သူလူထုကို လေယာဉ်၊ ဒရုန်း၊ လေထီး (Paramotor)၊ လက်နက်ကြီး မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာလို့ ဆိုပါတယ်။

အသက်အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး ပြည်သူအပေါ် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ စစ်ကောင်စီအပေါ် အပြင်းထန်ဆုံးလက်တုံ့ပြန်သွားမယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013