Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ကွမ်းသီးနု ဈေးကျပြီး စိုက်ပျိုးသူနှင့် ကုန်သည်များ အခက်တွေ့
DVB
·
July 5, 2025
Photo: MTK

DVB

ဧရာဝတီတိုင်းက စိုက်ပျိုးရေးထွက်ကုန်တခုဖြစ်တဲ့ ကွမ်းသီးနု တပိဿာကို ၅,၅၀၀ ကျပ်အထိ ဈေးကျဆင်းလာမှုကြောင့် စိုက်ပျိုးသူတွေနဲ့ အရောင်းအဝယ် ပြုလုပ်သူတွေ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ဧရာဝတီတိုင်းက ဒေသခံတွေနဲ့ ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လ ပထမအပတ်အထိ ကွမ်းသီးအနု တပိဿာကို ၇,၀၀၀ ကနေ ၇,၅၀၀ အထိ ဈေးပေါက်ခဲ့ပြီး ဇွန်လ ဒုတိယအပတ်ကနေ ဒီနေ့အထိ ကွမ်းသီးနု တပိဿာကို ကျပ် ၅,၅၀၀ အထိ ဈေးထိုးကျဆင်းလာတာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်က ကွမ်းသီးခြံလုပ်ငန်းရှင်တယောက်က “ကွမ်းသီးနုဈေးက တော်တော်ထိုးကျသွားတာ။ မနှစ်ကဈေးနဲ့ မယှဉ်နဲ့ဦး၊ အခုနှစ် ပေါ်ဦးပေါ်ဖျားဈေးတောင် မမီသေးဘူး။ ဈေးမရတဲ့အတူ ကွမ်းသီးတွေကို ရင့်မှည့်တဲ့အထိ စောင့်ရောင်းတော့မယ်။ ဒီဈေးနဲ့တော့ မရောင်းနိုင်ဘူး။ ကုန်သည်တွေပြောတာတော့ တရုတ်ဘက်က ဈေးနှိမ်တာလို့ ပြောတာပဲ” လို့ ပြောပါတယ်။

လက်ရှိ ကွမ်းသီးအနုဈေး ကျဆင်းနေတဲ့အပြင် ကွမ်းသီးအနု ဝယ်ယူရာမှာလည်း ကွမ်းသီးနု ဖြစ်ပေမဲ့ အဝိုင်းသီးတွေကို ဝယ်ယူမှုမရှိဘဲ ဒေသအခေါ် ဥဘဲချွန်း၊ ကပ်ချွန်း၊ မျှောချွန်း ပုံစံရှိပြီး အလေးချိန် ၁၉ ဂရမ်နဲ့ ၃၇ ဂရမ်ကြားရှိတဲ့ အစိမ်းရောင် ကွမ်းသီးအနုကိုသာ ဝယ်ယူပြီး အဝါရောင် ရှိတဲ့ ကွမ်းသီးတွေကို ဝယ်ယူမှုမရှိတော့ဘူးလို့ ဆိုပါတယ်။

ဧရာဝတီတိုင်း၊ မအူပင်မြို့က ကွမ်းသီးနုရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “ကွမ်းသီးနုက တရုတ်ဈေးကွက်အပေါ် ဈေးက မူတည်နေတာ။ ဈေးကောင်းပေးဝယ်ထားပေမဲ့ ရုတ်တရက် ဆိုသလို ဈေးကျသွားတော့ စိုက်သူတွေ၊ အရောင်းအဝယ်သမားတွေ အကုန်ရှုံးတာပေါ့။ အခုဆို ကွမ်းသီးနုက ဈေးကျလာတဲ့အပြင် ကွမ်းသီးရဲ့ အရွယ်အစား၊ အလေးချိန်နဲ့ ကွမ်းသီးအရောင်ပါ ကန့်သတ်လာတယ်၊ ငုတ်တုတ်မေ့တာပဲ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ကွမ်းသီးအနုဈေး ထိုးကျလာတာကြောင့် အရောင်းအဝယ် ဖြစ်နေပေမဲ့လည်း ကွမ်းသီးအဝင်ကုန် လျော့ကျလာတာနဲ့ ဈေးမငြိမ်တာကြောင့် တချို့ ကွမ်းသီးနု ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်တွေ၊ ကုန်သည်တွေ အလုပ်ရပ်နားထားတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ ကွမ်းသီးစိုက်ပျိုးတဲ့လုပ်ငန်းကို မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ၊ လပွတ္တာ၊ ဘိုကလေး၊ မအူပင်၊ ဓနုဖြူ၊ မော်လမြိုင်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဖျာပုံ၊ ပန်းတနော်၊ ကျိုက်လတ်၊ မအူပင်၊ ညောင်တုန်း စတဲ့မြို့တွေအပြင် တခြားဒေသတွေမှာလည်း စိုက်ပျိုးကြပြီး ကွမ်းသီးထွက်ရှိမှုနှုန်း အနည်းငယ်သာ ကွာဟမှုရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်း အပါအဝင် မြန်မာပြည်ကနေ ဝယ်ယူတဲ့ ကွမ်းသီးနုတွေကို တရုတ်နိုင်ငံမှာ ဝက်ခြံမထွက်စေဖို့ ကာကွယ်တဲ့ အလှကုန်ပစ္စည်းတွေ၊ အရေပြားပျက်စီးခြင်းကနေ ကာကွယ်တဲ့ အလှကုန်ပစ္စည်းတွေ၊ အနာတွေကို ဖန်ဆေးဖို့ ဆေးရည်နဲ့ ဝမ်းလျှောတာတွေကို ပျောက်ကင်းစေတဲ့ ဆေးဝါးအမျိုးမျိုး ထုတ်လုပ်ရာမှာ အသုံးပြုဖို့ ဝယ်ယူတာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024