DVB Logo
Home
မြန်မာသတင်း
ကလေးစစ်သားစုဆောင်းမှု ကုလသမဂ္ဂအစီရင်ခံစာကို စစ်ကောင်စီကန့်ကွက်
DVB
·
July 4, 2025
ကလေးစစ်သားစုဆောင်းမှု ကုလသမဂ္ဂအစီရင်ခံစာကို စစ်ကောင်စီကန့်ကွက်
Donate to DVB

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာအပေါ် စစ်ကောင်စီက ဇူလိုင် ၄ ရက်နေ့မှာ ကန့်ကွက်ကြောင်း တုံ့ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ စစ်ကောင်စီက အသက်မပြည့်သေးတဲ့ ကလေးသူငယ် ၄၈၂ ဦးကို စစ်သားအဖြစ် စုဆောင်းအသုံးပြုခဲ့တယ်လို့ ပါရှိပြီး ၂၀၂၄ ခုနှစ်အတွင်း ကုလသမဂ္ဂက စစ်ကောင်စီဘက်ကို ပေးပို့လာတဲ့ အမှုတွဲမှာ ၈ မှုသာဖြစ်ပြီး အစီရင်ခံစာပါ စွပ်စွဲထားတဲ့ ကိန်းဂဏန်းတွေဟာ လုံးဝလွဲမှားနေတယ်လို့ စစ်ကောင်စီက တုံ့ပြန်ထားပါတယ်။

စနစ်တကျ စိစစ်ထားခြင်းမရှိတဲ့ ကိန်းဂဏန်းအချက်အလက်တွေ လွဲမှားစွာဖော်ပြထားပြီး မြန်မာနိုင်ငံက တရားဝင်ပေးပို့ထားတဲ့ သက်သေအထောက်အထား အချက်အလက်အမှန်တွေနဲ့ တိုက်ဆိုင်စစ်ဆေးအတည်ပြုထားတာ မရှိကြောင်း တွေ့ရတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ဒါကြောင့် အစီရင်ခံစာပါ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ မြေပြင်အခြေအနေမှန်တွေကို ထင်ဟပ်မှုမရှိတဲ့ မှားယွင်းတဲ့ ကိန်းဂဏန်းအရေအတွက် ဖော်ပြချက်ကို ကန့်ကွက်ပယ်ချပြီး ကုလသမဂ္ဂအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေအပေါ် အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုနဲ့ မျှတမှုရှိပြီး ယုံကြည်လက်ခံနိုင်တဲ့ အစီရင်ခံစာတွေထုတ်ပြန်ဖို့ ပြင်းထန်စွာတောင်းဆိုပါတယ်ဆိုပြီး စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ၂၀၂၁-၂၀၂၄ ခုနှစ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ကလေးသူငယ် ၃၁၈ ဦး အပါအဝင် ပြည်သူ ၈၅၈၈ ဦး သေဆုံးပြီး ကလေးသူငယ် ၁၂၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ကုလသမဂ္ဂက ဒီအချက်တွေကို အစီရင်ခံစာမှာ လုံးဝဖော်ပြမထားဘဲ တပ်မတော်အပေါ် စွပ်စွဲချက်တွေကိုသာ အလေးပေးဖော်ပြထားပြီး အကြမ်းဖက်အဖွဲ့တွေရဲ့ ရာဇဝတ်မှုတွေကို အမည်မသိ ကျုးလွန်သူများလို့ ရှင်းလင်းပြတ်သားမှုမရှိဘဲ ဖော်ပြထားတာကြောင့် ကုလသမဂ္ဂရဲ့ သမာသမတ်ကျမှုနဲ့ အချက်အလက်စုဆောင်းတဲ့ ပုံစံအပေါ် မေးခွန်းထုတ်စရာဖြစ်တာကို တွေ့ရတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

စစ်ကောင်စီအနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း စိစစ်တွေ့ရှိရတဲ့ အသက်မပြည့်သေးတဲ့ စစ်သည် ၉၃ ဦးကို တပ်မတော်က နုတ်ထွက်ခွင့်ပေးကာ မိဘတွေဆီ ပြန်လည်အပ်နှံပြီး ထောက်ပံ့ကြေးတွေ ပံ့ပိုးခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း အသက်မပြည့်ဟု သံသယရှိစစ်သည် ၁၈ ဦးပဲ ကျန်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ တိုင်ကြားမှု ၉၈ ခုကို ဆောင်ရွက်ပေးခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်တွေအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနဲ့ လိင်ပိုင်းဆိုင်ရာ ကြမ်းဖက်ကျုးလွန်မှုတွေနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ဖြစ်စဉ်တွေပဲ တွေ့တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013