
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့ကို စစ်ကောင်စီလေတပ်က ဇူလိုင် ၄ ရက် ဒီမနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမ်းမြို့၊ ပျဉ်းတောရပ်ကွက် စာသင်ကျောင်းကို စစ်ကောင်စီလေတပ် ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲသွားလို့ စာသင်ကျောင်း ပြိုသွားတယ်လို့ အမ်းမြို့ဒေသခံတယောက်က ပြောပါတယ်။
“ပျဥ်းတောရပ်ကွက်က စာသင်ကျောင်းကို ကြဲတာ။ စာသင်ကျောင်းဆောင်က ပြိုသွားတယ်။ နေအိမ်တွေလည်း ထိတယ်။”
ဗုံးထိမှန်တဲ့ စာသင်ကျောင်းဆောင်ဟာ မူလတန်းကျောင်းဖြစ်ပြီး လူထိခိုက်တာ မရှိဘူးလို့ ဆိုပါတယ်။
အမ်းမြို့ကို အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂ဝ ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး မိုင်းရှင်းလင်းရေး လုပ်နေလို့ ဒေသခံတွေ ဝင်ရောက်ဖို့ တားမြစ်ထားပါတယ်။
မြေပုံမြို့နယ်၊ ကမ်းထောင့်ကြီးမြို့ကိုလည်း ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ကြဲချသွားပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးပါ။