
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဒီနေ့ ဇူလိုင် ၄ ရက် မနက်ပိုင်းကစလို့ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး အနိမ့်ပိုင်းရပ်ကွက်တွေကို ရေဝင်ရောက်နေပြီလို့ ဒေသတွင်း ပရဟိတအသင်းတွေဆီက သိရပါတယ်။
မယ်ဆိုင်ချောင်းရေ မြင့်တက်လာလို့ ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်၊ ဆန်ဆိုင်း (က) ရပ်ကွက်တွေ ရေဝင်ရောက်နေပြီး ဒေသခံတွေ ပြောင်းရွှေ့ကြဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။
တာချီလိတ် လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတယောက်က “အခြေအနေက အရမ်းကြီး မစိုးရိမ်ရသေးဘူး။ စိုးရိမ်အမှတ်ရောက်ဖို့ ၂ လက်မလောက် လိုသေးပါတယ်။ အနိမ့်ပိုင်းတွေ ရေတက်နေတာပေါ့” လို့ DVB ကို ပြောပါတယ်။
မိုင်းဆတ်မြို့မှာ မိုးရေချိန်များပြီး ရွာနေတာကြောင့် တောင်ကျရေတွေဆင်းပြီး တာချီလိတ်မြို့က မယ်ဆိုင်းချောင်းအနီး အနိမ့်ပိုင်းရပ်ကွက်တွေ ရေဝင်နေတာလို့ ဆိုပါတယ်။
တာချီလိတ်မြို့ တာလော့ဈေးကိုလည်း ရေဝင်ရောက်နေပြီးတော့ မယ်ဆိုင် အမှတ် ၁ တံတား ချဉ်းကပ်လမ်းကိုလည်း ရေရောက်နေပြီလို့ သိရပါတယ်။
တာချီလိတ်မြို့ ဒေသခံတယောက်က “အမှတ် ၁ တံတားကတော့ သွားလို့ရသေးတယ်။ တံတားအထက်ကိုတော့ မရောက်သေးဘူး။ ချဉ်းကပ်လမ်းကိုတော့ ရောက်နေပြီ။ မယ်ဆိုင်ဘက်လည်း သူတို့လည်း ပြင်ဆင်နေပြီ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ချက်အရ မယ်ဆိုင်ချောင်းရေဟာ လွယ်တော်ခမ်းကျေးရွာကို စိုးရိမ်ရေအမှတ်အောက် ပေဝက်ကျော်မှာ ရောက်ရှိနေပြီး နောက် ၁၂ နာရီအတွင်း စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နိုင်တယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။
မယ်ဆိုင်ချောင်းရေဟာ ဆက်လက်မြင့်တက်လာဖို့ အခြေအနေ ရှိနေပြီးတော့ ပြီးခဲ့တဲ့နှစ်ကလည်း တမြို့လုံးကို ရေနစ်မြုပ်ထားလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။