
ရေကြီးနေတဲ့ ပဲခူးမြို့မှာ ဇူလိုင် ၃ ရက်က အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်တယောက် ရေထဲပြုတ်ကျပြီး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ မြေပြင်ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
ပဲခူးမြို့ အနိမ့်ပိုင်းရပ်ကွက်တခုဖြစ်တဲ့ ဇိုင်းတောင်ရပ်ကွက်၊ မင်္ဂလာလမ်း၊ သာမဏေကျော် ဘုန်းကြီးကျောင်းအနီး နေအိမ်က အသက် ၁ ခွဲအရွယ် ကလေးဟာ မနေ့ မနက်ပိုင်းက ရေနစ်သေဆုံးခဲ့တာဖြစ်ပါတယ်။
မြေပြင်ကူညီကယ်ဆယ်ရေး လုပ်ပေးသူတယောက်က “မိဘတွေက ဈေးထဲမှာ မနက်စောစော ကုန်စိမ်းသွားရောင်းကြတော့ ကလေးတွေ အိပ်နေတာကို ဒီအတိုင်း ထားခဲ့မိတာလို့ သိရတယ်။ ခါတိုင်းတော့ တံခါးပိတ်ထားခဲ့တာလို့ သိရတယ်။ ကလေးက အိပ်ရာကနိုးတော့ သွားလာရင်း ရေထဲပြုတ်ကျသွားပုံ ရပါတယ်။ ကလေးဖအေဖြစ်တဲ့သူက ကလေးတွေ ကျောင်းပို့ဖို့ မနက် ၆ ကျော်ကျော်မှာ အိမ်ကိုပြန်လာပြီး လာခေါ်တော့ ကလေးကို အိမ်ရဲ့ လှေခါးခြေရင်း ရေအနက် ၂ ပေလောက်မှာ မှောက်လျက်အနေအထားနဲ့ သေဆုံးနေတာကို တွေ့တာပါတဲ့” လို့ ပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သေဆုံးသူ ကလေးငယ်ရဲ့ ရုပ်အလောင်းကို ပဲခူးပြည်သူ့ဆေးရုံကြီးကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပို့ဆောင်ခဲ့ပြီး ပဲခူးအမှတ် ၂ နယ်မြေ ရဲစခန်းမှာ သေမှုသေခင်း အမှုဖွင့် စစ်ဆေးဆောင်ရွက်နေ ပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “မိုးရွာတဲ့ဒဏ်နဲ့ ပဲခူးမြစ်ရေ တိုးလာတာကြောင့် ကလေး သေဆုံးခဲ့ရတဲ့ရပ်ကွက် အပါအဝင် မြေနိမ့်ပိုင်း နေရာတွေမှာ ရေတွေဝင်ရောက်နေတာ။ ဒီနေ့ ၄ ရက်နေ့အထိလည်း ရေက မကျသေးဘူး။ မိုးကလည်း ရွာနေတုန်းပဲ” လို့ ပြောပါတယ်။
ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် ပြီးခဲ့တဲ့ ဇွန် ၃၀ ရက် ညပိုင်းကစတင်ပြီး ပဲခူးမြို့ရဲ့ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ဇိုင်းတောင်၊ အိုးလေးစု၊ မြို့သစ်၊ ကလျာဏီ၊ ရပ်ကွက်ကြီး ၇၊ ကျောက်ကြီးစုရပ်ကွက်၊ ကန်သာယာလမ်း၊ စီမံကိန်းလမ်း၊ ကျွန်းသာယာရပ်ကွက်တို့မှာ ရေဝင်ရောက်နေပြီး ကမ်းနဲ့နီးတဲ့ အနိမ့်ပိုင်းနေရာတွေမှာ ရေအမြင့် ၄ ပေကျော် ၅ ပေအထိ ရောက်ရှိနေ ပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ ဇူလိုင် ၄ ရက်၊ မနက် ၇ နာရီ ထုတ်ပြန်ချက်အရ လက်ရှိမှာ ပဲခူးမြစ်ရေဟာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်မှာ ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက်တရက်အတွင်း အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။
မြစ်ရေမြင့်တက်လာတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ အနေနဲ့ ကြိုတင်သတိပြုကြဖို့ လိုအပ်ပြီး မြစ်ရေ ဆက်လက်မြင့်တက်လာပါက အချိန်မီ ရှောင်ရှားနိုင်ကြဖို့ သက်ဆိုင်ရာက သတိပေး နှိုးဆော်ထားပါတယ်။