Home
မြန်မာသတင်း
စလင်းမြို့အနီးရှိ ကျေးရွာများကို စစ်ကောင်စီတပ် မီးရှို့
DVB
·
July 4, 2025

မကွေးကနေ တက်လာတဲ့ စစ်ကောင်စီစစ်တပ်တွေဟာ သံချပ်ကာတင့်ကားတွေနဲ့အတူ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ထိုးလာနေကာ စလင်းမြို့နားက ကျေးရွာတွေကို မီးဝင်ရှို့နေလို့ ရွာလုံးကျွတ် ထွက်ပြေး ရှောင်တိမ်းနေကြရပါတယ်။

စစ်ကောင်စီ စစ်ကြောင်းတွေဟာ နယ်မြေရှင်းလင်းရေးဆိုတဲ့ အကြောင်းပြချက်နဲ့ စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်းနားက ရွာတွေကို ဝင်ရောက်စစ်ဆေးနေတာဖြစ်ပြီး ဒေသခံတချို့ အဖမ်းခံထားရသလို လက်ရှိ ကျီးသိုက်ရွာနဲ့ ပုတိမ်ကုန်းရွာ ၂ ရွာကတော့ ရွာလုံးကျွတ် မီးရှို့ခံနေရတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ စလင်း (ပကဖ) မှ ကိုအောင်ဆန်းက ပြောပါတယ်။

“ရွာတွေက ပုတိမ်ကုန်းရွာရှိမယ်၊ ကျီးသိုက်ရွာရှိမယ်။ အခုလောလောဆယ် မီးရှို့ခံရတာက အဲ့ရွာတွေရှိမယ်။ စစ်ကြောင်းက ဒီနေ့လည်း ဆက်တိုက်တွေ ဝင်နေလို့ဗျ။ ရဲဘော်တွေလည်း အထိအခိုက် ရှိနေတယ်။”

လက်ရှိ စလင်း-မိုးဝန်း-သရက်ချဥ်-ဆင်ဖြူကျွန်း လမ်းပိုင်းနားက ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ စစ်ကြောင်းထိုးလာတဲ့တပ်တွေ တိုက်ပွဲတွေ ပြင်းထန်နေပြီး ရွာလုံးကျွတ် မီးရှို့ခံထားရတဲ့ ဒေသခံတွေကို DVB က ဆက်သွယ်ဖို့ ကြိုးစားနေပေမဲ့ ထွက်ပြေးတိမ်းရှောင်နေရလို့ အဆက်သွယ်တော့ မရသေးပါဘူး။

ပြည်သူ့ညီနောင် စလင်းအဖွဲ့ရဲ့ အတည်ပြုချက်အရ လတ်တလော မီးရှို့ခံထားရတဲ့ ကျီးသိုက်ရွာကို စစ်သားအင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်မီးရှို့နေတာဖြစ်ပြီး ဂုံးကုန်းကျေးရွာက ဒေသခံ ၁၀ ယောက်ကိုလည်း ဖမ်းထားတယ်လို့ ဆိုပါတယ်။

“ကျီးသိုက်ကျေးရွာက အိမ်ခြေ ၇၀ ကျော်လောက်ရှိတာ၊ ရွာလယ်ကနေ မီးစရှို့သွားတာ။ အဲ့မတိုင်ခင်က ကျီးသိုက်ရွာရဲ့ အရှေ့ဘက် အုန်းတောကျေးရွာနဲ့ အနောက်ဘက်က ကညှပ်ကျေးရွာတွေကိုလည်း စစ်‌(--)တွေ မီးရှို့ခဲ့သေးတယ်။ အခုစစ်ကြောင်းက မိုးဝန်းဘက်ကို ပြန်ဆုတ်သွားပြီ။”

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း )က ဒီရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့အတွက် စလင်း-မိုးဝန်း-သရက်ချဥ်-ဆင်ဖြူကျွန်း လမ်းပိုင်းတွေကို ခရီးသွားပြည်သူတွေ အသုံးမပြုဖို့ကိုလည်း အသိပေး ထုတ်ပြန်ထားပါတယ်။

လက်ရှိထိုးစစ်ကြောင့် ရွာလုံးကျွတ် မီးရှို့ခံထားရတဲ့ ကျေးရွာဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရလို့ အကူအညီတွေ လိုအပ်နေပါတယ်။

မောရစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024